ဒုတပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င် ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ

By ရောင်နီ (မဇ္စျိမ)
05 September 2023
ဒုတပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င် ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ
ပုံအညွှန်း - ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံလာသူ။ (ဓာတ်ပုံ-Myo Hla PDF)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့၀င်တဦး  လက်နက်ချ အညံ့ခံခဲ့ကြောင်း မြို့လှ K-PDF က ယနေ့ စက်တင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။  

စက်တင်ဘာလ ၁ ရက်နေ့က ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့က  သွားရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် အဆိုပါ စစ်ကောင်စီတပ်သားက လက်နက်ချ အညံ့ခံခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံသူမှာ စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံတပ် ခလရ (၇၇)မှ  ဒုတပ်ကြပ်အဆင့်ရှိသူ ကိုပေါညိမ်းဆိုသူ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းသည် ယခင်မကွေးတိုင်း ချောက်မြို့ရှိ ခလရ (၇၇)တပ်ရင်းတွင်  တာ၀န်ကျစဥ်ကလည်း ထွက်ပြေးခဲ့ဖူးပြီး ပြန်လည်ဖမ်းဆီးခံရကာ ထောင်ဒဏ် သုံးလ ကျခံဖူးသူ ဖြစ်ကြောင်း မြို့လှ K-PDF က ဆိုသည်။ 

ထိုသို့  လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်ဖွဲ့၀င်ကို  လွတ်လပ်စွာနေထိုင်ခွင့်ပေးကာ သွားလိုသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြို့လှ K-PDF က ထုတ်ပြန်ထားသည်။ 

ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချလာသူနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ပြည်သူ့ဘက်သို့ ခိုလှုံ၀င်ရောက်ရန် စိတ်ဆန္ဒရှိပြီး ဓမ္မနှင့် အဓမ္မခွဲခြားသိမြင်သည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကို နွေးထွေးစွာကြိုဆိုနေမည်ဖြစ်ကြောင်း မြို့လှ K-PDF က အသိပေးထားသည်။ 

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ၊ ကျောက်ကြီးကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲစခန်းကို မြို့လှ K-PDF က ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ရာ သုံးနာရီကျော်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ငါးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး MA 1 သေနတ်တလက်နှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း  မြို့လှ K- PDF က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်က အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ကျောက်ကြီးကျေးရွာတဝိုက်ကို တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့၀င်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly