မိုးညှင်းတွင် စစ်ကောင်စီသတင်းပေး မှုခင်းသတင်းထောက်အဖွဲ့ခေါင်းဆောင် ပစ်သတ်ခံရ

By ကချင်လေး (မဇ္ဈိမ)
05 September 2023
မိုးညှင်းတွင် စစ်ကောင်စီသတင်းပေး မှုခင်းသတင်းထောက်အဖွဲ့ခေါင်းဆောင် ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် စစ်ကောင်စီသတင်းပေး မှုခင်းသတင်းထောက်အဖွဲ့ခေါင်း ဆောင် အနီးကပ် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

“မင်းရာဇာ”အမည်ဖြင့် နာမည်ကြီးနေသော စစ်ကောင်စီသတင်ပေး မိုးညင်းမြို့ မှုခင်းသတင်းထောက် အဖွဲ့ခေါင်းဆောင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်က သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်တွင်နေထိုင်သည့် မင်းရာဇာတိုက်ပုံတိုက်ပိုင်ရှင် ဦးသန်းထွန်းအောင်မှာ ဇနီး ဖြစ်သူနှင့်အတူ ဆိုင်ကယ်စီးလာစဉ် လူရည်ချွန်ဘော်ဒါရှေ့အရောက်၌ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မြို့ခံတဦးက ပြောသည်။

“သူက ဒီမှာ နာမည်ကြီး။ သတင်းထောက်လည်း လုပ်တယ်။ မြို့အထွက်နားမှာ သတင်းမီဒီယာကျောင်း တောင် ဖွင့်ထားသေးတယ်။ တပ်နဲ့လည်း အရင်ကတည်းက ဆက်ဆံရေးကောင်းတဲ့အပြင်  စကစသတင်း ပေးဆိုတော့ ဒီမြို့ကလူတွေ သူ့အကြောင်းမပြောရဲကြဘူး။ သွားလေရာမှာ ဓါးအတိုနဲ့ သေနတ်အတို အမြဲ တမ်းကိုင်တယ်။ သူ့ကို ဘယ်ကတည်းကချောင်းနေလဲမသိဘူး၊ မိန်းမနဲ့အပြင်သွားတုန်း အနီးကပ်လာ ပစ်သွားတာ။ မိန်းမကတော့ ဘာမှမဖြစ်ဘူး” ဟု ဆိုသည်။

ဦးသန်းထွန်းအောင်သည် ဦးခေါင်းနှင့် ခြေထောက်တို့၌ ကျည်ထိမှန်ဒဏ်ရာ ခြောက်ချက်ခန့်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် မိုးညှင်းမြို့မှ စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေးလူထုဆန္ဒပြပွဲများတွင် ပါဝင်သူများနှင့် မကျေမလည်မှုများရှိခဲ့သည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ ဝင်များ၏ သတိပေးခြင်းခံထားရသူလည်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲများကို စစ်တပ်ကအကြမ်းဖက်ဖြိုခွဲစဥ် ပုန်းရှောင်နေသော ကျောင်းသားခေါင်းဆောင်များကို လိုက်လံပြသခဲ့သည့်အတွက် လူငယ်သပိတ်ခေါင်းဆောင်အချို့ ပစ်သတ်ခံခဲ့ရသည့်အပြင် တော်လှန်ရေး ဘက်ဝောာ်သားများကို အမျိုးမျိုးဒုက္ခပေးနေသူဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

“အရင်ကတော့ သူက ဗီဒီယိုရိုက်ကူးရေးတွေလည်း လုပ်တယ်။ ဆန္ဒပြတဲ့အချိန်တုန်းကလည်း ဆန္ဒပြတဲ့ သူတွေနဲ့ ပဋိပက္ခဖြစ်ဖူးတယ်။ အဲဒီကတည်းက သတိပေးတာတွေ လုပ်ခဲ့တယ်။ သူ့အိမ်မှာ ဗုံးခွဲသတိပေး ဖူးတယ်” ဟု ဆိုသည်။

မိုးညှင်း K-PDF တပ်ရင်းက ဦးသန်းထွန်းအောင်သည် ပြည်သူ့တော်လှန်ရေးဘက်တော်သားများကို အမျိုး မျိုးအဖုံဖု ဒုက္ခပေးနေသော စစ်ကောင်စီသတင်းပေး ဒလန်တဦးဖြစ်သောကြောင့် သုတ်သင်ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း  ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required