တိုက်ပွဲများဖြစ်ပွားနေသည့် မုန်းမြို့နယ်အတွင်းသို့ စက်သုံးဆီသယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်

By YT  ( မဇ္ဈိမ)
05 September 2023
တိုက်ပွဲများဖြစ်ပွားနေသည့် မုန်းမြို့နယ်အတွင်းသို့ စက်သုံးဆီသယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်
ပုံအညွှန်း- မုန်းမြို့အဝင်ဆိုင်းဘုတ် (ဓါတ်ပုံ- လူမှုကွန်ယက်)

ပဲခူးတိုင်း၊ မုန်းမြို့နယ်အတွင်းသို့ စက်သုံးဆီသယ်ယူခွင့်အား စစ်ကောင်စီတပ်က ပိတ်ပင် ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့မှစတင်ကာ မုန်းမြို့နယ် အဝင်အထွက်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ က ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်၊ ကားများပေါ်၌ စက်သုံးဆီ သယ်ယူလာမှု ရှိ၊ မရှိ စစ်ဆေးနေပြီး တွေ့ရှိပါကသိမ်းယူနေကြောင်း သိရသည်။

“မုန်းမြို့ပေါ်က ဆီဆိုင်တွေကို ကားနဲ့လာပို့ပေးတာရှိတယ်။ အခု အဲဒီကားတွေကို စစ်ကောင်စီတပ်က အဝင်မခံဘူး။ စက်သုံး ဆီပါလားဆိုပြီး ဝင်ထွက်သွားလာတဲ့ တယောက်ချင်းကို စစ်တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

မုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များထံ ဆီလာရောက်ပို့ဆောင်သော ကားများကိုလည်း ဝင် ခွင့်မပေးသဖြင့် မြို့ပေါ်သာမက ကျေးရွာများတွင်ပါ စက်သုံးဆီပြတ်လပ်နေကြောင်း သိရသည်။ 

“မုန်းပြင်ပက ကြိုက်တဲ့နေရာမှာ ကား၊ ဆိုင်ကယ်တွေ ဆီထည့်ခဲ့ရင် ရတယ်။ ဂါလံလိုက် ပုံးတွေနဲ့သယ်လို့ မရတာ။ စက်သုံးဆီ ပိတ်ထားတာပေါ့။ ပန့်ဆိုင် လေးဆိုင်၊ ငါးဆိုင် ရှိတယ်။ စက်သုံးဆီလာပို့တဲ့ကားတွေ ကို အဝင်မခံမှတော့ ဘယ်ဆိုင်မှ ရောင်းဖို့ဆီမရှိတော့ဘူး။ အဲဒီတော့ တလီတာဗူးနဲ့ ပြန်ရောင်းသမားတွေ လည်း ဆီမရတော့ မရောင်းရတော့ဘူးပေါ့”ဟု မုန်းမြို့နယ်အတွင်းမှ သတင်းရင်းမြစ်တဦးကလည်း မဇ္ဈိမ ကိုပြောသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် စက်သုံးဆီအား မုန်းမြို့နယ်အပြင်ဘက် ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေး ရွာအနီးအထိ သွားရောက်ဝယ်ယူရကြောင်း သိရသည်။

ထိုသို့ ဝယ်ယူရာတွင်လည်း ပုံးများ၊ ဘူးများဖြင့် သယ်ယူခွင့်မပြု၍ ဆိုင်ကယ်၊ ကား ဆီတိုင်ကီများတွင်သာ ဆီဖြည့်ပြီး နေရပ်ပြန်ရောက်မှ လိုအပ်သောနေရာတွင်အသုံးပြုရန် ပိုက်ဖြင့်ပြန်လည်စုပ်ယူကာ အသုံးပြု နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ စက်တင်ဘာလ ၁ ရက်နေ့အထိ မုန်းမြို့နယ်ရှိ ကျေးရွာများတွင် တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းတပ်ဖွဲများနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားနေကြောင်း KNU ဗဟို၏ စက်တင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားရာ မုန်းမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များအား လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ ကျေးရွာ ၂၆ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly