အပူလွန်၍ အိန္ဒိယတောင်ပိုင်းတွင် လူ ၈၀ သေဆုံး

အပူလွန်၍ အိန္ဒိယတောင်ပိုင်းတွင် လူ ၈၀ သေဆုံး

နယူးဒေလီ၊ ဧပြီ ၉ ။                 ။ အိန္ဒိယတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်နှင့် တယ်လန်ဂါနာပြည်နယ်တို့တွင် အပူလွန်၍ လူပေါင်း အနည်းဆုံး ၈၀ သေဆုံးသည်။

ယင်းပြည်နယ်များတွင် အပူချိန်က ၄၅ ဒီဂရီဆဲလ်စီးရပ်စ်အထိ မြင့်တက်နေပြီး ဧပြီတွင် စမည့် မိုးရာသီက အဝင်နောက်ကျလျက်ရှိသည်။

သို့သော် ယင်းပြည်နယ်များတွင် အပူလှိုင်းကျရောက်ခြင်းတော့ မရှိကြောင်း တာဝန်ရှိသူများက ပြောပြီး ယခုနှစ် ယခုအချိန်အတွက် အပူချိန်မှာ သဘာဝလွန် ပြင်းထန်ခြင်း မဟုတ်ကြောင်း ပြောသည်။

ပြီးခဲ့သည့်နှစ်က ယင်းပြည်နယ်နှစ်ခုတွင် အပူလှိုင်းကျရောက်ခြင်းကြောင့် ခန့်မှန်းလူပေါင်း ၂၀၀၀ ကျော်ထက်မနည်း သေဆုံးခဲ့သည်။

ဧပြီ ၇ ရက် ညပိုင်းအထိ ပြည်နယ်နှစ်ခုတွင် ကောက်ယူရရှိသည့် သေဆုံးသူဦးရေသည် ၈၀ ကျော်ရှိကြောင်းကို သဘာဝဘေးစီမံရေးတာဝန်ရှိသူများက ဘီဘီစီသို့ ပြောခဲ့ခြင်းဖြစ်သည်။ သီတင်းပတ်ကုန်လျှင် သေဆုံးနိုင်သူဦးရေက ၁၀၀ ကျော်သွားနိုင်ကြောင်းလည်း ပြောသည်။

ပြည်နယ်တာဝန်ရှိသူများက ဒေသခံများကို နေ့လည် ၁၂ နာရီနှင့် ညနေ ၄ နာရီကြား နေပူထဲ မထွက်ရန် အကြံပြုတိုက်တွန်းထားသည်။

သို့သော် အပူလှိုင်းကျရောက်ပြီဟု ကြေညာရန်အတွက်မူ အပူချိန်က အနည်းဆုံး ၅ ဒီဂရီဆဲလ်စီးရပ်စ် ထပ်တိုးရန် လိုအပ်ကြောင်းကို မိုးလေဝသပညာရှင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly