တရုတ်တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များဖြေလျှော့ပြီးနောက်  လူ ၁.၈၇ သန်း ထပ်မံသေဆုံးဟု အစီရင်ခံစာတစ်ရပ်၌ ဖော်ပြ 

တရုတ်တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များဖြေလျှော့ပြီးနောက်  လူ ၁.၈၇ သန်း ထပ်မံသေဆုံးဟု အစီရင်ခံစာတစ်ရပ်၌ ဖော်ပြ 

တရုတ်အစိုးရသည် ယမန်နှစ် ဒီဇင်ဘာလက တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ ကန့်သတ်ချက်များကို ရုတ်ခြည်းရပ်ဆိုင်းလိုက်ပြီး ကနဦးနှစ်လအတွင်းတွင် ထပ်မံသေဆုံးသည့်လူ ခန့်မှန်း ၁ ဒသမ ၈၇ သန်းခန့် ရှိကြောင်း ဆီယက်တယ်ရှိ Fred Hutchinson Cancer Center မှ ပြုလုပ်သည့် အမေရိကန်လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။  

သုတေသနဌာန JAMA Network Open က မကြာသေးမီက ထုတ်ဝေခဲ့သည့် အဆိုပါလေ့လာမှုသည် ကိုဗစ်-၁၉ မူဝါဒကို လုံးဝရုပ်သိမ်းရန် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်၏ နောက်ဆက်တွဲရလဒ်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ခြင်းဖြစ်သည်။ အဓိကအားဖြင့် အသက် ၃၀ နှင့်အထက်လူများအကြား ထပ်မံသေဆုံးမှုမှာ စိုးရိမ်ဖွယ်ရာ တိုးလာသည်ကို တွေ့ရှိခဲ့သည်။ တိဗက်မှလွဲ၍ တရုတ်နိုင်ငံရှိ ပြည်နယ်အားလုံးတွင် ဤဖြစ်စဉ်ကို သတိပြုမိခဲ့ကြသည်။ 

မှတ်တမ်းတင်ထားသော ထပ်မံသေဆုံးမှုအရေအတွက်သည် တရုတ်ကွန်မြူနစ်ပါတီ (CCP) အစိုးရမှ ဖြန့်ဝေထားသော တရားဝင်အချက်အလက်များထက် သိသိသာသာ များပြားနေသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ကြားတွင် ထုတ်ပြန်ခဲ့သော အစိုးရ၏တရားဝင်ကိန်းဂဏန်းများအရ ထိုကာလအတွင်း ကိုဗစ်ကြောင့် ဆက်စပ်သေဆုံးသူ ၆၀ ၀၀၀ ခန့်ရှိကြောင်း ဖော်ပြခဲ့သည်။ 

ကိုဗစ်-၁၉ ဖြစ်ပွားမှုရုတ်တရက်ပြန်လည်ပေါ်ပေါက်လာခြင်းသည် တင်းကျပ်သောအသွားအလာပိတ်ဆို့မှုများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အလျင်အမြန် ဖယ်ရှားခြင်းကြောင့်ဖြစ်သည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။ ကြိုတင်ပြင်ဆင်မှု မရှိခြင်း၊ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ မလုံလောက်ခြင်းနှင့် ပြည်သူများအား လုံလောက်သောသတိပေးမှု ပျက်ကွက်ခြင်းတို့သည် ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှ နောက်နှစ် ပထမသုံးလပတ်အထိ ကူးရောဂါကူးစက်မှုလှိုင်းသစ်ကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများအဖြစ် ညွှန်းဆိုထားသည်။ 

အစီရင်ခံစာသည် ၂၀၂၂ ခုနှစ်ကုန်ခါနီးတွင် တရုတ်နိုင်ငံ၏ တရားဝင်နေ့စဉ်သေဆုံးမှုအစီရင်ခံခြင်း ရပ်တန့်သွားသည်ကိုလည်း အလေးပေးဖော်ပြထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ဆိုင်ရာအချက်အလက်များ၏ တိကျမှုနှင့် ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ယခင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

တရုတ်အာဏာပိုင်များသည် ကိုဗစ်နှင့်ဆက်စပ်သေဆုံးမှု ၁၂၁ ၆၂၈ ခန့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း ကမ္ဘာ့ကျန်းမာရေးကျွမ်းကျင်သူများက ကပ်ရောဂါ၏အကျိုးသက်ရောက်မှုကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်နားလည်နိုင်စေရန် အချက်အလက်ပွင့်လင်းမြင်သာမှုနှင့် သတင်းဝေမျှမှုမြှင့်တင်ရန် စဉ်ဆက်မပြတ်တိုက်တွန်းခဲ့သည်။ 

ထို့ပြင် ကိုဗစ်-၁၉ မျိုးကွဲသစ် ပေါ်ပေါက်လာခြင်းကိုလည်း လေ့လာမှုတွင် ဖော်ပြထားသည်။   လေ့လာမှုအရ EG.5 သည် တရုတ်နိုင်ငံ၏ ပြည်နယ်အများအပြားတွင် တွေ့ရသော ကိုဗစ်-၁၉ မျိုးကွဲ ဖြစ်လာသည်ဟု ဆိုသည်။  

တစ်ကမ္ဘာလုံးသည် ကူးစက်ရောဂါ၏ ဆင့်ကဲပြောင်းလဲလာသော လက္ခဏာကို ရင်ဆိုင်နေရချိန်တွင် ယခုလေ့လာမှုသည် ကိုဗစ်-၁၉ ၏ ကျယ်ပြန့်သောအကျိုးဆက်များကို စီမံခန့်ခွဲခြင်းနှင့် လျော့ပါးသက်သာစေခြင်းနှင့်ပတ်သက်သော ရှုပ်ထွေးမှုများအတွက်  အရေးကြီးသော သတိပေးချက်တစ်ခုပင်ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly