ဗုံးပစ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသည့် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ စစ်ကြောရေးတွင် သေဆုံး

By မင်းထက် (မဇ္စျိမ)
04 September 2023
ဗုံးပစ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသည့် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ စစ်ကြောရေးတွင် သေဆုံး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မရဲစခန်းမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးဖြင့် ပစ်ခံရပြီးနောက် စွပ်စွဲဖမ်းဆီးထားသည့် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌတဦးစစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသုတ်မြို့ အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၀ အရွယ် ဦးအောင်မြင့်စိုး ဆိုသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ထွက်ပြေးရှောင်တိမ်းနေခြင်းမရှိဘဲ နေအိမ်တွင်သာ နေထိုင်နေ သူဖြစ်ကြောင်း၊ အနေအေးသူဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၃၀ ရက်နေ့က အမှတ်(၁)ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် အသုတ်မြို့မရဲစခန်းမှူး၊ အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာစားပွဲအနီးသို့ လက်ပစ်ဗုံးပစ် သွင်းခံခဲ့ရသည်။

ပစ်သွင်းခဲ့သည့် လက်ပစ်ဗုံးမှာ ပေါက်ကွဲခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ ရုတ်ရုတ် သဲသဲဖြစ်ပြီး သေနတ်များဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်မှုများ၊ ဒေသခံများကို မတရားစွပ်စွဲ ဖမ်းဆီးမှုများပြု လုပ်ခဲ့သည်။

“ဗုံးလာပစ်တဲ့လူတွေ ထွက်ပြေးလို့လွတ်သွားတာကို မဆိုင်တဲ့လူတွေ လိုက်ဖမ်းတာ။ စက်တင်ဘာလ ၁ ရက်နေ့အထိဖမ်းတာ မြို့ပေါ်နဲ့ တောဘက်တွေအပါ ၁၀ ယောက်လောက် အဖမ်းခံလိုက်ရတယ်” ဟု ဒေသခံတဦးက ပြောသည်။

အသုတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှအမျိုးသားအချို့ကို စစ်ကောင်စီတပ်နှင့် ရဲများက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကဆိုသည်။

ထိုသို့ ဖမ်းဆီးခံရသူများတွင် အသုတ်မြို့ အမှတ်(၄) ရပ်ကွက် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်မြင့်စိုး လည်း ပါဝင်ခဲ့ပြီး စရဖ၊ စစ်ကောင်စီတပ်နှင့် ရဲများ၏ နှိပ်စက်ညှဥ်းပန်းမှုများကြောင့် စက်တင်ဘာလ ၃ ရက်နေ့ တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတဦးကပြောသည်။

“ကိုအောင်မြင့်စိုးက ဗုံးပစ်ခံရပြီးနောက်တနေ့(သြဂုတ်လ ၃၁ ရက်)မှာ အဖမ်းခံရတာပါ။ သူ့ကို အသုတ် ရဲစခန်းမှာ ဝိုင်းပြီးနှိပ်စက်ကြတယ်။ ပြီးတော့ ရေကြည်ရဲစခန်းကိုခေါ်သွားပြီး အဲဒီရဲစခန်းမှာရော၊စစ်တပ် ထဲမှာပါ ထပ်ပြီးနှိပ်စက်ညှဥ်းဆဲလို့ ကျဆုံးသွားတာပါ”ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့က ဦးအောင်မြင့်စိုးသေဆုံးကြောင်း စစ်ကောင်စီတပ်နှင့်ရဲများက မိသားစုထံ လာရောက်အကြောင်းကြားခဲ့ပြီး အလောင်းပြန်မပေးဘဲ မီးသဂြိုဟ်ထားသည့် အရိုးပြာအိုးကိုသာ ပြန်ပေး ခဲ့သည်ဟု ဒေသခံအမျိုးသမီးက ပြောသည်။

လက်ရှိတွင် ဗုံးပစ်ခံရမှုနှင့်ပတ်သက်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံထားရသည့် အမျိုးသားအချို့ကို ဆက် လက်ဖမ်းဆီးထားသည့်အတွက် မိသားစုဝင်များစိုးရိမ်နေကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က အသုတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်ဇေယျ(၆)လမ်းတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် ကိုထူးဝေအောင်ကို ဆိုင်ကယ်ခိုးမှုနှင့်ပတ်သတ်သည်ဟုစွပ်စွဲဖမ်းဆီးကာ စစ်ကောင်စီတပ်သားများနှင့်ရဲများက ရိုက်နှက်သတ်ဖြတ်ခဲ့သေးသည်။

စာတည်း။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly