တရုတ်မြေပုံသစ်ဆိုင်ရာ တင်းမာမှုများအကြား ဒေသတွင်းထိပ်သီးအစည်းအဝေးအတွက် အာဆီယံခေါင်းဆောင်များ ဂျကာတာတွင် တွေ့ဆုံကြမည်

တရုတ်မြေပုံသစ်ဆိုင်ရာ တင်းမာမှုများအကြား ဒေသတွင်းထိပ်သီးအစည်းအဝေးအတွက် အာဆီယံခေါင်းဆောင်များ ဂျကာတာတွင် တွေ့ဆုံကြမည်
The 43rd Association of South-east Asian Nations Summit is from Sept 5 to 7 and will be hosted by rotating chair Indonesia. PHOTO: AFP

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနယ်မြေများကို ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားသည့် တရုတ်၏ မြေပုံသစ်နှင့်ပတ်သက်ပြီး တင်းမာမှုများ ရှိနေစဉ် မြန်မာ့အကျပ်အတည်း အပါအဝင် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များ ယခုသီတင်းပတ်ထဲ ဂျကာတာ၌ တွေ့ဆုံစည်းဝေးကြမည် ဖြစ်သည်။

စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် ကျင်းပမည့် ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသည် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကို ဦးတည်သော အခြေခံအဆောက်အအုံ ဖော်ဆောင်မှု၊ ဒဏ်ခံနိုင်သော ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်များ၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ငွေပေးချေမှု စနစ် အပါအဝင် သဘောတူညီချက်များကို ထုတ်ဖော်ပေးအပ်ဖွယ် ရှိသည်။

အာဆီယံ ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေးများ၊ retreat အစည်းအဝေးများ၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံ အပေါင်း သုံး အစည်းအဝေး အပါအဝင် ထိပ်သီးအစည်းအဝေး ၁၂ ခုနှင့် နှစ်နိုင်ငံအကြား သီးခြားအစည်းအဝေး ၁၃ ခုတို့ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သဘာပတိမူမည်ဟု မျှော်လင့်ရသည်။

အထူးသဖြင့် အကျပ်အတည်းများ ဖြစ်ပေါ်နေချိန်တို့တွင် အာဆီယံအုပ်စုအတွင်း ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်ကို မြန်မြန်သွက်သွက် ဖြစ်စေရေး အင်ဒိုနီးရှားက ကြိုးပမ်းလျက်ရှိသည်။ အခြေခံမူတရပ်အနေဖြင့် အာဆီယံတွင်း ဆုံးဖြတ်ချက်များသည် တိုင်ပင်ဆွေးနွေးခြင်းနှင့် အများသဘောဆန္ဒအပေါ် အခြေပြုသည်။

“ရှေ့ကာလမှာ အာဆီယံဟာ ဆုံးဖြတ်ချက်တွေ ခပ်မြန်မြန် ချဖို့ လိုတဲ့ အခြေအနေတွေ အများကြီးနဲ့ ကြုံရပါလိမ့်မယ်။ ကမ္ဘာပေါ်က စိန်ခေါ်မှုတွေက ပိုပို ကြီးလာနေတဲ့အတွက် အာဆီယံဟာလည်း အရေးပေါ် အခြေအနေတချို့နဲ့ ကြုံရပါလိမ့်မယ်။ ဒါက လိုအပ်ပါတယ်။ အာဆီယံအနေနဲ့ အဖွဲ့ရဲ့ ဗဟိုကျမှုကို ထိန်းထားဖို့ ကိုယ့်ဘာသာ ပြင်ဆင်တာက ပိုကောင်းပါလိမ့်မယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက ဩဂုတ် ၂၈ ရက် သတင်းမီဒီယာတွေ့ဆုံပွဲတခုတွင် ပြောသည်။

မြန်မာမှလွဲ၍ အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံ အပြင် ရှေ့ကာလတွင် အာဆီယံအဖွဲ့ဝင် ဖြစ်လာမည်ဟု မျှော်မှန်းရသည့် တီမော လက်စ်တေတို့ ယခု ထိပ်သီးအစည်းအဝေး တက်ဖွယ် ရှိသည်။

မြန်မာ အာဏာသိမ်းစစ်အုပ်စုသည် အာဆီယံ ထိပ်သီးအစည်းအဝေးများ၌ တက်ရောက်ခွင့် ပိတ်ပင်ခံထားရဆဲဖြစ်ပြီး ယခင် အစည်းအဝေးများကဲ့သို့ နိုင်ငံရေးကိုယ်စားပြုမှု မရှိသူတဦးကိုလည်း စေလွှတ်ဖွယ် မရှိပေ။

အမေရိကန် ဒုသမ္မတ ကမ်မလာ ဟားရစ်၊ တရုတ် ဝန်ကြီးချုပ် လီချန်း အပါအဝင် အာဆီယံအုပ်စု၏ ဆွေးနွေးဖက် ပါတနာ ကိုးနိုင်ငံမှ ထိပ်သီးကိုယ်စားလှယ်များလည်း ယခု အစည်းအဝေး တက်လိမ့်မည် ဖြစ်သည်။

Asean leaders to meet in Jakarta for regional summit, amid tensions over new Chinese map
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly