ပုလောနှင့် တနင်္သာရီတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၊ အသက်မပြည့်သေးသူအပါအဝင် အရပ်သားထိခိုက်မှုများရှိ 

By ကိုရွှေမြိတ် (မဇ္ဈိမ)
03 September 2023
ပုလောနှင့် တနင်္သာရီတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၊ အသက်မပြည့်သေးသူအပါအဝင် အရပ်သားထိခိုက်မှုများရှိ 

တနင်္သာရီတိုင်း မြိတ်ခရိုင်ထဲက စစ်အုပ်ချုပ်ရေး ကြေညာထားသော ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင်  တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီ ဘက်က အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါဝင် အရပ်သားများ ထိခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များတို့ထံကသိရ သည်။

ပုလောမြို့နယ်၊  ပလမြို့ ပလရဲစခန်းရှိ စစ်ကောင်စီတပ်က  စင်တင်ဘာလ ၁ ရက်နေ့ နေ့လယ်၁၂ နာရီခန့် ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် အမှတ် (၃) ရပ်ကွက်ရှိ ဆားဖိုဆိပ်ကမ်းနှင့် ရွှေမော်သိမ်စေတီဘက် ကျ‌ရောက် ပေါက်ကွဲခဲ့သည်။ ထိုလက်နက်ကြီး ကျည်စသည် ဆယ်ကျော်သက်အရွယ် ရှစ်တန်းကျောင်းသားတဦး ရင်ဝသို့ ထိမှန်ပြီး အခြေအနေစိုးရိမ်ရ၍ မြိတ်မြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ ထို့ပြင် အခြားအရပ်သား ငါးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။ 

မြိတ်ခရိုင် တပ်ရင်း (၁) သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုအာနိုးက“ပလမြို့ ရေဆိပ်ကမ်းမှာ ကျွန်တော်တို့ ရဲဘော်တွေ ဝင်ရောက် လှုပ်ရှားလို့ အဝေးကနေ စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာပါ။  တိုက်ပွဲ ဖြစ်တာမျိုး မဟုတ်ပါဘူး”ဟု ပြောသည်။

ပုလောမြို့နယ်တွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက ဇရပ်ဆိပ်ကျေးရွာမှ ကြဲကျေးရွာအထိ လမ်းပိုင်းကို လတ်တလောထိန်းချုပ်ထား၍ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်  မကြာခဏ ရမ်းသန်းပစ်ခတ်လျက်ရှိသည်။ ထို့ကြောင့်  ထိတွေ့တိုက်ပွဲများမရှိသော်လည်း ခရီးသွားပြည်သူများနေဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်‌နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များက ထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို အမြဲနားစွင့်ပြီး မလိုအပ်ဘဲ ခရီး မသွားရန် မေတ္တာရပ်ခံကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 

ထိုအတူ တနင်္သာရီမြို့နယ်တွင် လယ်တောင်ယာရွာ ပြည်ထောင်စု လမ်းမပေါ်တွင် တနင်္သာရီ-ပ.က.ဖ၊ မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ-၂ ပူးပေါင်း တပ်ဖွဲ့တို့ သည် ခရီးသွား ပြည်သူ များ ဘေးကင်း လုံခြုံရေး အတွက် စက်တင်ဘာ ၂ ရက်နေ့  နံနက် ၈ နာရီခန့်က စစ်ဆေးခဲ့သည်။ ထို့နောက် ထိုပူးပေါင်း တပ်ဖွဲ့သည်  တနင်္သာရီမြို့ အဝင် ဗိုလ်ချုပ် ကြေးရုပ်အနီး တပ်စွဲထားသော  စစ်ကောင်စီတပ်အား သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုသည် ၁၅ မိနစ်ခန့် အပြန်အလှန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားနေအိမ်  နှစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ယင်းသို့ ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး နှစ်ဖက် ထိခိုက်မှု မရှိသော်လည်း စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား နေအိမ် နှစ်လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မြိတ်ခရိုင်ထဲက ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲတွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
(တနင်္သာရီမြို့တွင် တိုက်ပွဲဖြစ်ပွားစဉ် ရုပ်သံ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly