နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ စက်တင်ဘာ ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ စက်တင်ဘာ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန မှာ မှတ်ပုံတင် (Register) ပြုလုပ်ရန် ကျန်ရှိနေသည့် အလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများ အနေဖြင့် ဝန်ကြီးဌာန၏ email: oe @mol.nugmyanmar.org ကို ဆက်သွယ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံး ထားကာ မှတ်ပုံတင် စာရင်းသွင်းကြရန် အသိပေးထားသည်။

•    တော်လှန်ရေးမှာ PDF များနှင့် အတူတူ ဆိုးတူကောင်းဘက် ထောက်ပို့တာဝန်ကို တူတူထမ်းကြ မည့် ရဲဘော်များကို လက်ကမ်းကြိုဆိုကြောင်းPeople’s Revolution Supply Family လူမှုကွန် ယက်စာမျက်နှာမှာ ရေးသားထားသည်။

•    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန တို့ ပူးပေါင်းပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တွေအတွက် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးသင်တန်းကို စက်တင်ဘာ ၂ရက် နေ့လယ် (၂)နာရီအချိန်မှာ ကျင်းပ ပြုလုပ်ခဲ့သည်။

•    မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းပြီး မွန်ပြည်နယ်၊ ရေးမြို့နယ် ရန်သူ့ တပ်စခန်းနေရာကို လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သားအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နောက် ထိခိုက်သေဆုံးတဲ့ လူနာတင်ကား ၂ စီးဖြင့် သယ်ထုတ် သွားကြကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က ထုတ်ပြန်သည်။

•    ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်တံဆိပ်နှင့်  ပြည်ထောင်စုဝန်ကြီးရဲ့ လက်မှတ်များကို တရားဝင် ခွင့်ပြုချက်မရဘဲ အသုံးပြုခွင့်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က စက်တင်ဘာ ၂ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်သည်။

•    စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အများပြည်သူသုံးလမ်းမများပေါ်၌ ငွေကြေးကောက်ခံခြင်း မပြုလုပ်ကြရန် တမူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

•    ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား လေးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ စက်တင် ဘာလ ၂ ရက်နေ့က ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    အာဆီယံနိုင်ငံများမှ ပြည်သူအားလုံးသည် စစ်အာဏာရှင်များ၏ ဖိနှိမ်မှုကိုတော်လှန်နေသည့် မြန်မာပြည်သူများနှင့် အတူရပ်တည်ပြီး စစ်ကောင်စီကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ကြောင်း အာဆီယံလူထုဖိုရမ်က တရားဝင်ကြေညာလိုက်သည်။

•    မန္တလေးတိုင်း ရသုံးမှန်းခြေငွေစာရင်းရုံး စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ရုံးအတွင်းရပ်ထားသော ကားနှင့်ဆိုင် ကယ်အချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း မျက်မြင်တွေရှိခဲ့သည့် ဒေသခံများကပြောသည်။

•    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ သြဂုတ်လ ၂ ရက် နံနက်ပိုင်းက စစ်ကောင်စီ သတင်းပေးဒလန်ဆိုသူ ဆိုင်ကယ်ပွဲစားဦးမော်ကြီးသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သတင်း ရရှိသည်။

•    မန္တလေးမြို့တွင် ဩဂုတ်လအတွင်း စစ်ကောင်စီလက်အောက်ခံနေရာကိုးခု ဗုံးပစ်တိုက်ခိုက်ခံရပြီး တိုင်းကျန်းမာရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် Non CDM ၀န်ထမ်း ငါးဦး ဒဏ်ရာရရှိမှုရှိသည်ဟု စစ်ဆင်ရေးများကိုစောင့်ကြည့်လေ့လာသူများထံက သိရသည်။

•    မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် စစ်ကောင်စီ အထိုင်ချထားသည့် စခန်းလေးနေရာထက် မနည်း ကို ယမန်နေ့ ၊ စက်တင်ဘာ ၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကာကွယ်ရေးပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးမှုများနိုင်ကြောင်း ပါဝင်ခဲ့သည့် Salingyi Special Task Force - SSTF တာဝန်ရှိသူက ပြောသည်။

•    မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲရာ နေရာ ငါးခုကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်မှု များရှိပြီး ဖမ်းဆီးမိသည့် Non CDM ဆရာ၊ ဆရာမ ၉ဦးကို ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက် ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံ ကိုကျောက်တိုင်၏ ပြောဆိုချက်ကို ကိုးကား၍ People Spring သတင်းတွင် ဖော်ပြထားသည်။

•    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှင်းဆီကန်ကျေးရွာအနီးတွင် ဗွက်နေသော စစ်ကောင်စီ ရိက္ခာယာဉ်တန်း ကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများ ပြားနိုင်ကြောင်း Middle Revolution Task Force-MRTF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ၏ ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

•    နေပြည်တော်တွင် လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ကောင်စီလေတပ် ကာကွယ်ရေးဦးစီးချုပ်က အိမ်ရှင်အဖြစ် ဦးဆောင် ပြုလုပ်မည့် အာဆီယံလေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းရန် Justice for Myanmar က စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

•    တောင်ကိုရီးနိုင်ငံရှိ ဘူဆန်မြို့နှင့် ဖျောင်းထက်မြို့များတို့ တွင် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့၌ ကိုရီးယား-မြန်မာပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီးရှိ ရဲစခန်း အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Saw Dragon Drone Force – SDDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။

•    ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

•    ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်တပ်ဗျူဟာဝန်းအတွင်းသို့ ဆင်းသက်လာသည့် စစ်ရဟတ် ယာဉ် နှစ်စီးနှင့် ကြာအင်းဆိပ်ကြီးမြို့ ရဲစခန်း၊ စစ်ကောင်စီတပ်များ တပ်စွဲထားတဲ့ စည်ပင်အဖွဲ့ပိုင် ဇမိခန်းမတို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ Cloud Wings ပူးပေါင်း တပ်ဖွဲ့က လက်နက်ကြီး၊ ဒရုန်းအသုံးပြုပြီး (၁၀၇)မမ၊ (၈၁) မမများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Cloud Wings ကထုတ်ပြန်သည်။

•    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် တအာင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း TNLAက ယမန်နေ့ ညက သတင်းထု တ်ပြန်သည်။

•    ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်တပ်က ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲပြီး လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာပေါင်း ၂၆ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

•    ဆိုရှယ်မီဒီယာ ပလက်ဖောင်းတခုဖြစ်သည့် TikTok လူမှုကွန်ရက်တွင် ဓါတ်ပုံ သို့မဟုတ် သုံးမိနစ် စာ ရုပ်သံဖန်တီးကာ စစ်ကောင်စီကို အမွှန်းတင်ပြီး တော်လှန်ရေးအင်အားစုများကို ထိထိမိမိ တိုက်ခိုက်နိုင်မည့်သူကို ဆုငွေ ကျပ် ကျပ် ၁၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ အထိ ချီးမြှင့်မည်ဟု ညွှန်ကြားထားကြောင်း တပ်တွင်းနီးစပ်သူထံက သိရသည်။

•    ခြောက်လ မီတာသုံးစွဲပြီး ကြွေးကျန် လေးလနှင့်အထက်ရှိ မီတာခပေးဆောင်ခြင်းမရှိပါက မီတာပုံး များကို အပြီးပိုင်သိမ်းမည်ဟု ဓာတ်အားတောင်းခံလွှာတွင် လျှပ်စစ်မီတာရုံးမှ တပါတည်း ရိုက်နှိပ် အသိပေးခြင်းပြုလုပ်လာသည်ဟု ရန်ကုန်မြို့နေ ဒေသခံများမှတဆင့် သိရသည်။

•    ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီ၏ နောက်ထပ်စစ်သင်္ဘောအုပ်စုတစ်စု ဆန်တက်လာပြီး ဆားလင်းကြီးမြို့နယ် မြစ်ကမ်းဘေးရှိ ကျေးရွာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သွား၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

•    အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့်  အကျိုးဆက်များဖြစ်သော်လည်း အကြမ်းဖက် မင်းအောင်လှိုင် မှ လူတစ်စု၏ မိုက်မဲမှုကို ဒေသခံပြည်သူလူထုအများစု ခံစားနေရသည်ဟု ပြောဆိုသည်။

•    တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေး တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိနေသော်လည်း အ ကြမ်းဖက် မှုများ ရှိနေသည့်အတွက် တချို့နယ်မြေများတွင် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်လို့ မရကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောသည်။

•    လာမယ့်အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကို လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ အလေးအနက်ထားပြီး စီစဉ်ကျင်းပသွားမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောပြန်သည်။

•     အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်မှ  အခေါက်ရွှေတစ်ကျပ်သား၁၂၈ရွေးမှ  ၁၂၆ရွေးအဖြစ် လျှော့ချပြောင်းလဲသတ်မှတ်ရန်စီစဉ်နေကြောင်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်း၏ ပြောဆိုချက်ကို ကိုးကား၍ Myanma Platform သတင်းတွင် ဖော်ပြထားသည်။

•    စက်တင်ဘာ ၄ ရက်နေ့ကစပြီး နေပြည်တော်ရှိ မာရဝိဇယရုပ်တု သို့ လာရောက်သူများ အတွက် လူဝင်ကြေး အခမဲ့ သတ်မှတ်ထားပြီး ဖုန်း၊ ကင်မရာနဲ့ ကားပါကင်ကြေးများ ကောက်ခံသွားမည်ဟု အကြမ်းဖက်စစ်ကောင်စီ ဝါဒဖြန့်ချိရေးမှ ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၃ ရက် သုံးသပ်ချက်

•    တိုင်းပြည်ကိုလက်နက်အားကိုဖြင့် အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်းတို့စစ်အုပ်စုကြောင့် တိုင်းပြည်ပျက်စီးကာ ချောက်ထဲထိုးကျနေသော်လည်း တခြားသူကို ပြစ်တင်ပြောဆိုမှုတစ်ခုသာ ပြုလုပ်တတ်သည်ကိုတွေ့ရသည်။

•    အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်များ နှင့်တိုင်းရင်းသား လက်နက်ကိုင် တပ်များ၏ ပူးပေါင်းတပ်များသည် ထိုးစစ်အသွင်တဖြေးဖြေးပြောင်းလဲလာပြီး နယ်မြေစိုးမိုးမှု များလာသည်ကိုတွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required