ချင်းပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင် နေရာ ဗိုလ်မှူးကြီးသိန်းထွန်းအောင် အစားထိုး

By (မဇ္ဈိမ)
02 September 2023
ချင်းပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင် နေရာ ဗိုလ်မှူးကြီးသိန်းထွန်းအောင် အစားထိုး

 နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ချင်းပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး(နယ်လုံဝန်ကြီး)  ဗိုလ်မှူးကြီးဟန်ဝင်းအောင်နေရာ၌  ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကို အစားထိုးခန့်အပ်ခဲ့ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

  တိုက်ပွဲများ ဖြစ်ပွားနေသည့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ  နယ်လုံဝန်ကြီးများကို ယမန်နေ့ စက်တင်ဘာလ ၁ ရက် ရက်စွဲဖြင့်  အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 နယ်လုံဝန်ကြီးအသစ်ဖြစ်လာမည့် ဗိုလ်မှူးကြီး သိန်းထွန်းအောင်သည် ချင်းပြည်နယ်တွင် ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူး၍ ထို့သို့ ခန့်အပ်ခံရခြင်းဖြစ်နိုင်ကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်က သုံးသပ်သည်။ 

‘’နယ်လုံတွေ ပြောင်းတယ်ဆိုတာကတော့ အကြောင်းအမျိုးမျိုးတော့ ရှိတာပေါ့။ နေရာတစ်နေရာတည်းမှာ အနေကြာလို့ပြောင်းတာလား။ အဂတိလိုက်စားမှု ရှိလို့လား ။ တခြားဘာအကြောင်းရှိလို့ပြောင်းတာလည်း မသိပေမယ့် အခုနယ်/လုံကတော့ ချင်းပြည်နယ်မှာ လူထုနဲ့လိုက်လျောညီထွေအောင် နေသွားနိုင်တာ တွေ့ရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ အရင်အစိုးရ လက်ထက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရအဖွဲ့တွေ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ဖမ်းဆီးတာတွေခံရတယ်။ အိမ်ချိပ်ပိတ်တာတွေ ရှိတယ်။ ချင်းပြည်နယ်အစိုးရဖွဲ့ကသူတွေကို ဖမ်းတာဆီးတာတွေ မရှိခဲ့ဘူး။ အိမ်တွေချိပ်ပိတ်ခဲ့တာတွေလည်း မရှိခဲ့ဘူး။ အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်တာတွေတော့ ရှိတာပေါ့’’ဟု ပြောင်းရွေ့သွားရတော့မည့်နယ်လုံဝန်ကြီးနဲ့ပတ်သက်၍ အစိုးရအဖွဲ့နှင့်နီးစပ်သူတဦးကပြောသည်။

ချင်းပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဟန်ဝင်းအောင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရသစ် စတင်ဖွဲ့စည်းချိန်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဗိုလ်မှူးကြီးကျော်ကျော် နေရာတွင် အစားထိုး တာဝန်ယူထားရသူဖြစ်သည်။

‘’အခုလာမယ့် နယ်လုံကတော့ ဘယ်လိုလာမလဲတော့ မသိဘူး။ အရင်နယ်လုံကတော့ ညှိနှိုင်းလို့ အဆင်ပြေတယ်။ ညှိနှိုင်းလို့ရတယ်ဆိုတာကလည်း တော်ရုံတန်ရုံကိစ္စတွေဆိုရင် ဘာသာရေးအသင်းအဖွဲ့က ဆရာတော်တွေက သွားတွေ့ပြီး ညှိနှိုင်းလို့ရှိရင်  အများကြီး လုပ်ပေးတာတွေ ရှိတယ်။ အခုလာမယ့်နယ်လုံကတော့ ဘယ်လိုလာမလဲတော့မသိဘူး။ တကယ်တော့နယ်လုံဝန်ကြီးတွေလို့သာ ပြောတာပါ။ ချင်းပြည်နယ်မှာက အစိုးရအဖွဲ့မှာ လုံးဝပါဝါမရှိပါဘူး။ ဝန်ကြီးချုပ်တောင် ဩဇာအာဏာမရှိဘဲ ဒုတိုင်းမှူးကပဲ အစိုးရအဖွဲ့ရုံးမှာထိုင်ပြီး တိုက်ရိုက်ညွှန်ကြားနေတာ “ ဟုလည်း ၎င်းက ဆိုသည်။ 

လက်ရှိတွင် နယ်လုံဝန်ကြီးအဖြစ်  မန္တလေးတိုင်းတွင် ဗိုလ်မှူးကြီးကျော်ကျော်မင်း အစား ဗိုလ်မှူးကြီးနေလင်းစိုး၊ ကချင်ပြည်နယ်တွင် ဗိုလ်မှူးကြီးအောင်ကြည်လင်း အစား ဗိုလ်မှူးကြီးကျော်သူရ၊ ကယားပြည်နယ်တွင် ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ အစား ဗိုလ်မှူးကြီးသန်းစိုးအောင်၊ ကရင်ပြည်နယ်တွင် ၊ ဗိုလ်မှူးကြီးမျိုးမင်းနောင် အစား ဗိုလ်မှူးကြီးမင်းသူကျော် တို့ကို ပြောင်းလဲခန့်အပ်ခဲ့သည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly