ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDM ဝင်လိုပါက ဆက်သွယ်နိုင်ပြီး လုံခြုံမှုပေးသွားမည်ဟု KNPP ဆို

By 001(မဇ္စျိမ)
01 September 2023
ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDM ဝင်လိုပါက ဆက်သွယ်နိုင်ပြီး လုံခြုံမှုပေးသွားမည်ဟု KNPP ဆို
ပုံအညွှန်း- CDM တွင် ပါဝင်ရန် ဆန္ဒပြတောင်းဆိုကြစဉ်(ဓာတ်ပုံ- ပုံဟောင်း)

ကရင်နီပြည်နယ်တဝန်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် ဘက်ပြောင်းခိုလှုံလိုပါက သို့မဟုတ် CDM ပြုလုပ်လိုပါက အမြန်ဆုံး ဆက်သွယ်နိုင်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP) ၊ ဘက်ပြောင်းခိုလှုံလာသူများနှင့် CDM များ ကြီးကြပ်ရေးလုပ်ငန်းကော်မတီက ဩဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်ဘက်ဆိုင်ရာ အရှိများနှင့် အခြားတပ်သားများ၊ ပြန်တမ်းဝင်ရဲအရာရှိများ၊ ရဲအုပ်၊ ဒု- ရဲအုပ်များနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့နယ်အသီးသီးမှ မြို့နယ်တပ်များ၊ ကရင်နီပြည်တပ်မတော် တပ်ရင်း၊ တပ်ခွဲ၊ တပ်စုများထံသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းလမ်းများဖြင့် ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း ကော်မတီက အသိပေးထားသည်။

ကော်မတီအနေဖြင့် လက်ရှိတွင် စစ်ကောင်စီတပ်မှ ဘက်ပြောင်း၊ CDM ပြုလုပ်လိုသူများအတွက် စခန်းများ ဖွင့်လှစ်ပြင်ဆင်ထားပြီးဖြစ်ကြောင်း မဇ္စျိမကို ပြောသည်။

အဆိုပါ ကော်မတီ အဖွဲ့ခေါင်းဆောင် တော်ရယ်အက်စ်က “ သူတို့ထဲမှာ တကယ်တာဝန်မထမ်းဆောင်ချင်တော့လို့ ထွက်ချင်တယ်၊ ပြုချင်တယ်။ လွတ်ရာလွတ်ကြောင်း အဲ့ဒီလိုမျိုးတွေရှိတယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်။ အဲ့ဒီဟာလေးကို ကျွန်တော်တို့ဘက်က လက်ခံနိုင်ဖို့အတွက် ထပ်ပြီးတော့မှ သိအောင် ကျွန်တော်တို့ လုပ်လိုက်တာပဲ။ ဒီဟာတွေကအရင်အတည်းက ရှိတယ်။ အခုက တိုက်ပွဲတွေက ပိုများလာတယ်။ ပိုကြီးလာတယ်။ အဲ့ဒီလိုမျိုးတွေတော့ ပိုရှိလာမှာပဲဆိုတာ ကျွန်တော်တို့က ယူဆတယ်။ ဆိုတော့ အခုထွက်လာတဲ့သူတွေကို ကျွန်တော်တို့ လက်ခံပေးနိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်”ဟု ပြောသည်။

ဘက်ပြောင်းခိုလှုံလာမည့် စစ်ကောင်စီတပ်သားများနှင့် ပတ်သက်ပြီး ၎င်းတို့နှင့် တစ်ပါတည်း ပါလာသည့် လက်နက်ခံယမ်းများအား သက်ဆိုင်ရာ ကရင်နီပြည်တပ်မတော်နှင့် မြို့နယ်တပ်များထံ တရားဝင်အပ်နှံအပြီး ကော်မတီ၏ အစီအမံအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်နက်ခဲယမ်းများ ယူဆောင်လာနိုင်ပါက ပိုမိုကောင်းမွန်သော်လည်း ထိုသို့ ယူဆောင်မလာနိုင်ပါကလည်း လက်ခံပေးသွားမည်ဖြစ်ကြောင်း ဘက်ပြောင်း၊ CDM ကြီးကြပ်ရေးကော်မတီထံက သိရသည်။

“ကျွန်တော်တို့ဆီမှာ အလုပ်ပြန်လုပ်ရမှာတို့ စစ်ပြန်တိုက်ရတာမျိုးတို့  အဲ့ဒီဟာမျိုးတော့လည်း ကျွန်တော်တို့ မခိုင်းဘူး။ ဘာလို့ဆို ကျွန်တော်တို့ မခိုင်းချင်တဲ့အကြောင်းအရင်းက ကိုယ့်နဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းကနေလာတဲ့လူဆိုတော့ ဟိုဘက်ကနေတမင်တကာထွက်လာတာလား မဟုတ်ရင် သူ့သဘောနဲ့သူ တကယ်ထွက်လာတာလားဆိုတာ ကျွန်တော်တို့ ကျေပတ်(သေသေချာချာ) တဲ့အထိ မသိနိုင်ဘူးလေ။ ဆိုတော့ သူတို့ရောက်လာရင် သူတို့လုံခြုံမှုကို ပေးမယ်။ အများနည်းတူပဲ ကျွန်တော်တို့ လုပ်နိုင်သလောက်ပဲ လုပ်ပေးမယ်”ဟု ကော်မတီခေါင်းဆောင် တော်ရယ်အက်စ်က ဆိုသည်။

ဘက်ပြောင်းလာသည့် စစ်ကောင်စီတပ်သားများ၊ စစ်မတိုက်လို၍ ထွက်ခွာလာသူများကို စစ်ပြန်တိုက်ခိုင်းမည်မဟုတ်ဘဲ တခြားအရပ်သားများနည်းတူ ရပ်တည်ရှင်သန်နိုင်စေရန် စီစဥ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

KNPP ၏ ဘက်ပြောင်းခိုလှုံလာသူများနှင့် CDMများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် နိုင်ငံတကာ တရားဝင်အစုအဖွဲ့များ၊ မြန်မာနိုင်ငံတဝန်းရှိ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အစုအဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် တရားဝင်ကွန်ရက်ချိတ်ဆက်မှုလမ်းကြောင်းရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ကရင်နီပြည်အပြင် မြန်မာနိုင်ငံတဝန်းမှ စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသူများအနေဖြင့်လည်း ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly