မြို့ဆိုးစစ်တောင်းမြစ်ကူးတံတားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးဟု PDF ပြော

By ရွှေနွယ်( မဇ္ဈိမ )
01 September 2023
မြို့ဆိုးစစ်တောင်းမြစ်ကူးတံတားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးဟု PDF ပြော
ပုံအညွှန်း - ထန်းတပင်မြို့နယ်၊ မြို့ဆိုးတံတား(ပုံဟောင်း)

ပဲခူးတိုင်း ၊ထန်းတပင်မြို့နယ် ၊ မြို့ဆိုးကျေးရွာရှိ စစ်တောင်းမြစ်ကူးတံတားမှ စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ  ရှစ်ဦးသေဆုံးသည်ဟု အထူးကွန်မန်ဒိုတပ်ရင်း −တောင်ပိုင်းတိုင်းက ယနေ့ စက်တင်ဘာလ ၁ ရက်တွင်ထုတ်ပြန်သည်။

ဩဂုတ်လ ၃၁ ရက် နံနက် ၄ နာရီ ၁၀ မိနစ်မှစတင်ကာ နံနက် ၅ နာရီ ၃၀ မိနစ်အထိ တစ်နာရီကျော်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦး နေရာတွင်ပင်သေဆုံးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သား ၁၂ ဦးဒဏ်ရာရရှိသွားပြီး အဆိုပါ ဒဏ်ရာရရှိသူများထဲမှ နှစ်ဦး ထပ်မံသေဆုံးသွားသောကြောင့် ယနေ့နံနက်အထိ သေဆုံး ရှစ်ဦး အတည်ပြုထားကာ ထပ်မံသေဆုံးနိုင်ခြေရှိကြောင်းလည်း သတင်းရရှိထားသည်ဟု ၎င်းကဆိုသည်။

ယနေ့နံနက်ပိုင်းအထိ မြို့ဆိုးဒေသအတွင်း စစ်ရေးတင်းမာလျက်ရှိကာ စစ်ကောင်စီတပ်ဘက်မှလေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

"စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိနေပါတယ်။ ဒီဘက်မှာ စစ်ဆိုင်နေကြဆဲပါ” ဟု အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်း၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ထိုသို့ထိတွေ့မှုဖြစ်ပွားစဉ်တွင် စစ်ကောင်စီတပ်ဖွဲ့က မြို့ဆိုးကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ပြီး လက်နက်ကြီးကျည်သည် ရွာအတွင်း အရပ်သားနေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံနှစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

သေဆုံးသူ အရပ်သား နှစ်ဦးမှာ မြို့ဆိုးကျေးရွာ အောက်ပိုင်းနေ ဦးဝင်းအောင်နှင့် ဇနီး ဒေါ်မီးမီးတို့ဖြစ်ကြောင်း မဇ္ဈိမမှသတင်းရရှိသည်။

ပဲခူးတိုင်းအရှေ့ခြမ်း မြို့နယ်များဖြစ်သော ထန်းတပင်၊ ရေတာရှည်၊ ဖြူး၊ ကျောက်တံခါး၊ကျောက်ကြီး၊ ရွှေကျင်၊ အုတ်တွင်း၊ သံတောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသတွင်း KNLA PDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိကာ ရင်ဆိုင်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ထိုသို့ စစ်ရေးတင်းမာလျက်ရှိသော ဒေသများသို့ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသများသည်  စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့်အတွက် စစ်ကောင်စီဘက်မှ လေကြောင်းရောမြေပြင်တွင်ပါ အပြင်းအထန် ခုခံလျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်အရ သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required