ဟာလန်းနဲ့ ဘွန်မာတီတို့ UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတွေကို ရရှိ

ဟာလန်းနဲ့ ဘွန်မာတီတို့ UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတွေကို ရရှိ
Photo: EPA

မန်ချက်စတာစီးတီးရဲ့ အာလင်း ဟာလန်းနဲ့ စပိန်ရဲ့ ကမ္ဘာ့ဖလားရ ကြယ်ပွင့် အီတာနာ ဘွန်မာတီတို့ဟာ ကြာသပတေးနေ့မှာ မိုနာကိုမှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ UEFA အမျိုးသားနဲ့ အမျိုးသမီး တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတွေကို အသီးသီးရရှိခဲ့ကြပါတယ်။

နော်ဝေးတိုက်စစ်မှူး ဟာလန်းဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ FA ဖလား ၃ လုံး ဆွတ်ခူးနိုင်အောင် စီးတီးကို ကူညီဖို့ ၅၃ ပွဲမှာ ၅၂ ဂိုး သွင်းယူခဲ့ပြီး ဘွန်မာတီဟာ အခုလအစောပိုင်းမှာ စပိန်ကို ကမ္ဘာ့ဖလား အောင်နိုင်ဖို့ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းကနေ ရောက်ရှိလာပြီးနောက် စီးတီးမှာ ဟာလန်းရဲ့ ပထမဆုံးရာသီမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး အခုလို အမျိုးသား အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပါ။ သူ့ရဲ့ အသင်းဖော် ကီဗင်ဒီဘရိုင်းနဲ့ လီယွန်နယ် မက်ဆီတို့လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းမှာ ရှိခဲ့ပေမယ့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။

"ကျနော်က အိပ်မက်တစ်ခုလို အသက်ရှင်နေသူတစ်ယောက်ပါ။ ဒါက ငယ်ငယ်က ကျနော့်အိပ်မက်ပါ၊ ဒါကြောင့် ကျနော့်ရဲ့အသင်းဖော်တွေနဲ့ အတူတူတွဲလုပ်နိုင်တာက ထူးခြားတဲ့အရာတစ်ခုပါ"လို့ အသက် ၂၃ နှစ်အရွယ် ဟာလန်းက သူ့ရဲ့ဆုကို လက်ခံရယူပြီးနောက် ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘွန်မာတီဟာ ပြီးခဲ့တဲ့ရာသီက အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်း ချန်ပီယံဖြစ်ခဲ့ရာမှာ တောက်ပခဲ့ပြီး အဲဒီနောက် သြစတြေးလျနဲ့ နယူးဇီလန်တို့မှာ စပိန်အသင်း ကမ္ဘာ့ဖလားအောင်မြင်မှုမှာ သူ့မှာ အခန်းကဏ္ဍအတွက် ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

သူမဟာ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ဂိုးတွေသွင်းယူခဲ့တဲ့ သူမရဲ့ စပိန်အသင်းဖော် ကာမိုနာနဲ့ ချယ်လ်ဆီးနဲ့ သြစတြေးလျတိုက်စစ်မှူး ဆမ်ကာတို့ကို ကျော်ပြီး UEFA ဆုကို ရရှိခဲ့တာပါ။

"ဒါဟာ ကျမ ဘယ်တော့မှ မမေ့နိုင်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။"လို့ ဘွန်မာတီက ပြောပါတယ်။

စပိန်နည်းပြ ဂျော့ဗီလ်ဒါဟာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို လွဲချော်ခဲ့ပြီး အင်္ဂလန်နည်းပြ ဆာရီနာဝီဂမန်းက ရရှိခဲ့ပါတယ်။

ပက်ဂွာဒီယိုလာဟာ စီးတီးကို ဖလားသုံးလုံး ဆွတ်ခူးအောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် တစ်နှစ်တာ အကောင်းဆုံး အမျိုးသားနည်းပြဆုကို ရရှိခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required