စားသောက်ဆိုင်စင်တင်ဖျော်ဖြေမှုများ လိုင်စင်လျောက်၊အခွန်ကောက်တော့မည်

By မဇ္ဈိမ 
01 September 2023
စားသောက်ဆိုင်စင်တင်ဖျော်ဖြေမှုများ လိုင်စင်လျောက်၊အခွန်ကောက်တော့မည်

ရန်ကုန်တိုင်းအတွင်း တေးဂီတစင်တင်ဖျော်ဖြေမှုများရှိသည့် စားသောက်ဆိုင်များ စစ်ကောင်စီထံ လိုင်စင်လျောက်ထားရမည်ဖြစ်ပြီး အခွန်နှုန်းထားများလည်း ပေးဆောင်သွားရမည်ဟု သိရကြောင်း စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။

စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဌာနက စားသောက်ဆိုင်များကို အကြောင်းကြားစာများပေးပို့ထားပြီး ယနေ့ စက်တင်ဘာ ၁ရက်နေ့တွင်  မြို့နယ်အလိုက်ထွေအုပ်ရုံးများ၌ အစည်းဝေးခေါ်ထားသည်ဟု ရန်ကုန်မြို့မှ စားသောက်ဆိုင်လုပ်ငန်းရှင်တဦးကပြောသည်။

‘’အသေးစိတ်ကိုတော့  အစည်းဝေးကပြန်မှပဲ သိရမယ်။အရင်ပြီးခဲ့တဲ့လကတော့ ကျွန်တော်တို့ စားသောက်ဆိုင်ပိုင်ရှင်တွေ၊KTVလုပ်ငန်းရှင်တွေအားလုံးကို ခရိုင်ရုံးမှာဆင့်ခေါ်ပြီးတော့ ပြောထားတာတော့ရှိတယ်။ စားသောက်ဆိုင်တွေမှာတီးဝိုင်းတွေ၊သီချင်းဆိုတာတွေကို လိုင်စင်လုပ်ရမယ်။ ပြီးတော့အခွန်လည်းဆောင်ရမယ်ဆိုပြီးပြောတယ်။ ဘယ်လောက်ထိဆောင်ရမလဲဆိုတာတော့မပြောသေးဘူး။ အခုတော့ သူတို့ဆုံးဖြတ်ချက်ကျလာလို့ ကျွန်တော်တို့ကိုအခွန်ဆောင်ရမယ့်နှုန်းထားတွေ၊လိုင်စင်ကိစ္စတွေခေါ်ပြောမယ်လို့တော့ထင်တာပဲ’’ဟု အဆိုပါ လုပ်ငန်းရှင်ကဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဌာန၏ အကြောင်းကြားစာ တွင် စင်တင်တေးဂီဖျော်ဖြေပွဲဟုသာခေါင်းစဉ်တပ်ထားပြီး ကိုယ်ပိုင်‌တီးဝိုင်းငယ်၊ Unplugged၊DJ၊ကာရာအိုကေ ဟူ၍ အမျိုးအစားများ ခွဲခြားထားခြင်းမရှိကြောင်းသိရသည်။ လောလောဆယ်တွင်စားသောက်ဆိုင်များအနေဖြင့်ယစ်မျိုးခွန်ဟုဆိုကာ တနှစ်လျှင် ၃၄သိန်းကျပ်အခွန်ဆောင်နေရသည်ဟု သိရသည်။

ဘဏ္ဍာရေးအကျပ်အတည်းရင်ဆိုင်‌နေရသည့်စစ်ကောင်စီသည် ပြည်သူများထံမှအခွန်များကိုနည်းမျိုးစုံကောက်ခံလျှက်ရှိနေသည်။  ပုဂ္ဂလိကဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်များအနေဖြင့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို  ယနေ့မှစတင်ပြီး ပေးဆောင်ရမည်ဟု သြဂုတ်လ ၂၅ ရက်နေ့က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေး ကြေညာထားသည်။

စာတည်း-အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly