နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၁ ဩဂုတ် ၂၀၂၃)

By မဇ္ဈိမ 
31 August 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၁ ဩဂုတ် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    တော်လှန်ရေးအင်အားစု ရဲဘော်ရဲဘက်များနှင့်အတူ ကြုံတွေ့လာမည့် အခက်အခဲ၊ စိန်ခေါ်မှု အားလုံးကို ရင်ဆိုင်ကျော်ဖြတ်ကာ သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင် သွားမည် ဖြစ်သည်ဟု နိုင်ငံရေးသန္နိဋ္ဌာန်ဖြင့် ကတိသစ္စာပြုပြီး သဝဏ်လွှာကို ပေးပို့လိုက်သည်ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီက ယနေ့ ကျရောက်သည့် (၇၆) နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ သဝဏ်လွှာ ပေးပို့ရာတွင် ဖော်ပြထားသည်။
•    မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် ပံ့ပိုးကူညီခြင်းမှာ လွှတ်တော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း ဆုံးဖြတ်ချက်အပါအဝင် ဆုံးဖြတ်ချက် (၃၀) ခုကို အတည်ပြု ချမှတ်နိုင်ခဲ့သည့် (၄၄) ကြိမ်မြောက် အာဆီယံလွှတ်တော်များ ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် AIPA လွှတ်တော်အဖွဲ့ဝင်များအားလုံး၊ အထူးသဖြင့် အိမ်ရှင် အင်ဒိုနီးရှား လွှတ်တော်များကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ချီးကျူးဂုဏ်ပြုသည်ဟု CRPH က ထုတ်ပြန်ထားသည်။
•    မြန်မာပြည်ကြီးကို ကာကွယ်ရန် တပ်မတော်ထဲကို ဝင်ကြစို့ဆိုသည်မှာ မရှိတော့ဘဲ စစ်တပ်ကို ပြည်သူက အင်မတန် ရွံမုန်းနေသည့် ခေတ်ကို ရောက်နေပြီဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက PVTV သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းအစီအစဉ်တွင် ပြောသည်။
•    အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးကို ဩဂုတ် ၃၀ ရက်၊ မွန်းလွဲပိုင်းက ပြောသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး The End of Dictatorship (EOD) အစီအစဉ်အရ "အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင် အိမ်ကို အပြီးသိမ်းစို့ " Campaign ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် စစ်ကောင်စီ လက်အောက်ခံကျောင်း ဖွင့်လှစ်နေသော Non-CDM ကျောင်းဆရာ နှစ်ဦးကို ဖမ်းဆီးထားပြီး တရားစွဲနိုင်ရေး စီစဥ်ဆောင်ရွက်နေကြောင်း ကလေးမြို့နယ် ပြည်သူရဲတပ်ဖွဲ့ (KPP) က ယနေ့ ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် " ဦးပိုင်ဝမ်ပေါင်-ယန်စီ လူသတ် အကြမ်းဖက်မှု ချက်ချင်းရပ် " စာတန်း ကိုင်ဆောင်ကာ ဝမ်ပေါင်-ယန်စီ ကုမ္ပဏီ အလို မရှိ ကြောင်း ယနေ့ ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ကနီမြို့နယ်အတွင်းကို စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ ၈၂ ဦးကို ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ၊ CDM ဆရာဝန်များ ၊ ဒေသခံ ပြည်သူများ စုပေါင်းပြီး ဆေးဝါးကုသမှု အခမဲ့ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ် နှင့် ပျူစောထီးများက  ဩဂုတ်လ ၃၀ ရက်၊ ညပိုင်းက ထပ်မံစစ်ကြောင်းထိုးနေ၍ ထန်းကုန်းနှင့် ဇီးကုန်း တိုက်နယ်တွင်းရှိ ကျေးရွာ ပေါင်း ၂၀ ကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများ နှင့် ဒေသ သတင်းရင်းမြစ် infinity group ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်ကာ ယနေ့ ဩဂုတ် ၃၁ ရက်တွင် တော်လှန်ရေးအတွင်း ကျဆုံးခဲ့သော ရဲဘော်များအား အလေးပြု အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ အင်းဖျားကျေးရွာအနီးမှာ ဩဂုတ် ၂၉ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ် ရှေ့ပြေးကင်းထောက်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု ULF တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။
•    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာတွင် ဩဂုတ် ၃၀ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ဆေးခွင့်ဖြင့် နေအိမ်ပြန်လာသော အကြမ်း ဖက် စစ်ကောင်စီ တပ်သား ထွန်းထွန်း ပစ်ခတ် ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း MGN 35 ပြောက်ကျားတပ်ဖွဲ့မှ ကိုနွေမိုက် က ပြောသည်။
•    မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာတောင်ဘက်၊ မန်ကျင်းခင်လမ်းတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဩဂုတ် ၂၈ ရက်၊ နံနက်ပိုင်းက ပဒေသာမိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးနှင့်အတူ ဓားစာခံလမ်းပြအဖြစ် ဖမ်းဆီးခံရသူ အမျိုးသားတစ်ဦး မိုင်းမိ သေဆုံးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ပြောသည်။
•    ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် နှင့် ထန်းတပင်မြို့နယ်အစပ် မြို့ဆိုးရွာကို ဩဂုတ် ၃၁ ရက်၊ နံနက် ၄ နာရီခန့်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဗုံးထိမှန် သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။
•    ကရင်နီ(ကယား)ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ နေထိုင်သည့် နေရာကို စစ်ကောင်စီတပ်က ယနေ့ သြဂုတ် ၃၁ ရက်၊ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း ကမ်းလက် - ကယား IDPs Assistance Network ထံမှ သိရသည်။
•    ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ကားလမ်းပိုင်းတွင် ယခု တစ်လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၇၀ ကျော် သေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ပြောသည်။
•    ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှ အမျိုးသမီးနှစ်ဦး အပါအဝင် မိသားစု တစ်စုကို ဩဂုတ် ၂၈ ရက်၊ ညပိုင်းက စစ်ကောင်စီက ဖမ်းဆီးထားပြီး ပြင်ပနှင့် တွေ့ဆုံခွင့် ပိတ်ပင်ထားကြောင်း ဒေသတွင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် Justice Movement for Community - Innlay အဖွဲ့ ဒါရိုက်တာ ဒေါ်ယုလှိုင်သင်းက ပြောသည်။
•    အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို သတ်ဖြတ်လျက် ရှိရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဩဂုတ် ၃၀ ရက်အထိ စာရင်းများအရ ကျဆုံးခဲ့ရသူ ၄၀၁၇ ဦးအထိ ရှိပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်လိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ် နှင့် ကွတ်ခိုင်မြို့နယ်တွင် ဩဂုတ် ၃၀ ရက်က  အကြမ်းဖက်စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း PSLF/TNLA သတင်း နှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
•    ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ အကြမ်းဖက်စစ်တပ် စခန်းများကို ဩဂုတ် ၂၈ ရက်၊ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။
•    အကြမ်းဖက် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်နိုင်ရန် ချင်းအမျိုးသားတပ်မတော် (CNA) မှ ဦးဆောင်ကျင်းပသည့် တပ်ပေါင်းစုသင်တန်း သင်တန်းဆင်းပွဲကို ဩဂုတ် ၂၉ ရက်က CNA တပ်ရင်းတစ်ခု၌ ကျင်းပခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
•    ကျောင်းသားလက်ရုံးတပ်တော်ကို ရက္ခိုင့်တပ်တော် AA က အထူးတိုက်ခိုက်ရေး သင်တန်းပေး ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားအား ပူးတွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ဩဂုတ် ၃၀ ရက်တွင် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်က ထုတ်ပြန်သည်။
•    ကျောင်းသားလက်ရုံးတပ်တော်၏ အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို ဩဂုတ် ၂၈ ရက်တွင် ဗဟိုဌာနချုပ်တည်ရှိသည့် နေရာတွင် ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းရဲဘော်များ နှင့် ဗျူဟာမြောက် ထိုးစစ်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုရဲရင့်က ပြောသည်။
•    ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် နှင့် ပင်းတယမြို့နယ်များရှိ ဒေသခံ ပြည်သူများသည် စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်းများ၏ အနိုင်ကျင့် ဖိနှိပ်မှုများအပေါ် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF ထံ တိုင်ကြားမှုများရှိနေသည်ဟု DPLF ၏ ပြောရေးဆိုခွင့်ရှိသူ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။
•    ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (CDF – Paletwa) ပလက်ဝ တပ်ဖွဲ့၏ မိုးရာသီကာလ မွမ်းမံအပတ်စဥ် (၂) စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်ဟု သြဂုတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ
•    INGO နှင့် NGO အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့်စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်နေရန် လိုအပ်သည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ် ၃၀ ရက်က ကျင်းပ ပြုလုပ်သည့် စစ်ကောင်စီ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။
•    မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ နှင့် ဆီကုန်သည်အချို့ကို ဖမ်းဆီး စစ်ဆေးနေသည်ဆိုခြင်းသည် မဟုတ်မှန်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ကိုးကားပြီး One News သတင်းဌာနတွင် ဖော်ပြထားသည်။
•    အကြမ်းဖက် စစ်ကောင်စီက ယနေ့ ဝန်ထမ်းလစာများကို ပေးချေရာတွင် နှစ်သောင်းတန် ငွေစက္ကူများကို ထည့်သွင်းအသုံးပြုနေပြီး များမကြာမီ စစ်ကောင်စီက ငွေပေးချေမည့် ဝန်ကြီးဌာနဆိုင်ရာ လမ်းတံတားနှင့်အဆောက်အအုံ အပါအဝင် တင်ဒါများတွင်လည်း နှစ်သောင်းတန် ငွေစက္ကူများကိုသာ အဓိကအသုံးပြုပေးချေမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။
•    NCA (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ် ပြည့်ဝစွာ ကျင်းပနိုင်ရေး အပါအဝင် ဒေသအလိုက် EAO များ၏ ဦးဆောင်မှုကို မြှင့်တင်ရေးတို့ကို ဩဂုတ် ၃၀ ရက်က စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့တို့ ဩဂုတ် ၃၀ ရက်က ဒုတိယနေ့အဖြစ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။
•    ယခုရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်းများ သိသာစွာကျဆင်းရန် ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ဩဂုတ် ၃၀ ရက်က ပြုလုပ်သည့် စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။
•    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသည့် မွန်တိုးတက်ရေးပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဩဂုတ် ၃၀ ရက်က လာရောက် လျှောက်ထားခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
•    ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၂) ခုကို အတည်ပြုပေးခဲ့သည်ဟု ဩဂုတ် ၃၀ ရက်က ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးက သိရသည်။
•    တစ်ပတ်အတွင်း အဆောက်အဦဆောက်လုပ်ခွင့် အခု(၇၀)ကို ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်းလက်မှတ် (BCC) (၂၈) လုံးကိုလည်း ခွင့်ပြုပေး ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။
•    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်တ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ အတွင်းသို့ TNLA အဖွဲ့ဝင်များမှ သြဂုတ် ၃၀ ရက်၊ နံနက်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။
•    မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ခြင်း တို့ကို စက်တင်ဘာ (၄) ရက်က စတင်ကာ အွန်လိုင်းဘိုကင်စနစ်ဖြင့် ရက်ချိန်းယူရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးမှ သြဂုတ် (၂၉) ရက်စွဲဖြင့် ထုတ်ပြန်အသိပေးထားသည်။
ဩဂုတ် ၃၁ ရက် သုံးသပ်ချက်
•    စစ်ကောင်စီက ပြည်တွင်းစားသုံးဆီဈေးမြင့်တက်နေသည်ကို ထိန်းချုပ်ရန် ဆီကုန်သည်များကို အတင်းအကျပ် ဖိအားပေးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။
•    စစ်ကောင်စီက ဝန်ထမ်းငွေပေးချေမှု နှင့် အခြားကိစ္စရပ်များတွင် နှစ်သောင်းတန်ငွေစက္ကူကို အသုံးပြုမည်ဟု သိရသည့်အတွက် စစ်ကောင်စီသည် ငွေကြေးဖောင်းပွမှုမြင့်တက်အောင် ပြုလုပ်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly