ပလာယာကိုင်ပြီး မိုင်းရှင်းသည့် မြန်မာ မြေမြှုပ်မိုင်းရှင်းလင်းရေးသမားများ

ပလာယာကိုင်ပြီး မိုင်းရှင်းသည့် မြန်မာ မြေမြှုပ်မိုင်းရှင်းလင်းရေးသမားများ
Members of the anti-junta Karenni Nationalities Defense Force (KNDF) carry rakes used to search for landmines planted by the Myanmar military. Photo by AFP

မြန်မာနိုင်ငံအရှေ့ပိုင်း တနေရာ၌ အမျိုးသား ခြောက်ယောက်သည် ထူထပ်သော ပင်ခြေပိတ်ပေါင်းတို့ကို ပေါက်ပြား၊ ထွန်ခြစ်တို့ဖြင့် ထိုးဆွနေကြသည်။ ထိုသူတို့သည် တောင်သူများတော့ မဟုတ်ကြပါ။ 

စင်စစ်အားဖြင့် ထိုသူတို့သည် အာဏာသိမ်းစစ်တပ်နှင့် ဒီမိုကရေစီ လိုလားသော တော်လှန်ရေးသမားများအကြား တိုက်ပွဲများမှ လူ့အသက်သေစေသော မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးနေသည့် တော်လှန်ရေးတပ်ဖွဲ့တခု၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။

မိုင်းတလုံးကို ရှာတွေ့ရာတွင် အမျိုးသားတဦးက ရွှံ့ခဲရွှံ့တုံးတို့ဖြင့် ညစ်ပေနေသည့် လက်တဖဝါးစာ ပစ္စည်းတခုကို မြေကြီးထဲမှ လက်ဗလာဖြင့် အသာ 'မ' ယူလိုက်ပြီး အခြား ရဲဘော်ရဲဘက်တဦးထံ ကမ်းပေးလိုက်သည်။ ထိုရဲဘော်ဖြစ်သူက မိုင်းကို မပေါက်ကွဲတော့စေရန် သာမန် ကိရိယာပစ္စည်းတခုဖြစ်သည့် ပလာယာတလက်သုံးပြီး ရှင်းလင်းသည်။

အဆိုပါ မိုင်းရှင်းလင်းရေးသမားများသည် ထိုင်းနိုင်ငံနယ်စပ် မြန်မာနိုင်ငံ ကယားပြည်နယ်၏ တောင်ကုန်း၊ စိုက်ကွင်းများအနှံ့ မြေမြှုပ်မိုင်းများကို လိုက်ရှာပြီး ရှင်းလင်းနေကြခြင်း ဖြစ်သည်။ ကယားပြည်နယ်သည် ၂၀၂၁ စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေသည့် အဓိကဒေသတခုလည်း ဖြစ်သည်။

အဆိုပါ ပြည်နယ်တွင် လူ ၁၀၀,၀၀၀ ကျော် အိုးအိမ်နေရပ်စွန့်ခွာထားကြရသည်ဟု ကုလသမဂ္ဂအရ သိရသည်။ မိမိတို့နေရပ်သို့ ပြန်ရန် ကြိုးစားကြသူများသည် ဆုတ်ခွာသွားသည့် တပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သည့် မိုင်းများ၏ ကြီးမားသော အန္တရာယ်အောက်တွင် ထိုသို့ ရှင်းလင်းရေးလုပ်ငန်းကို လုပ်ကြရသည်။

“ကျွန်တော်တို့ ရှင်းလင်းဖို့ လိုတဲ့ ဧရိယာတွေက အင်မတန်မှ ကျယ်ပါတယ်။ မိုင်းတွေကို ရှင်းဖို့ တပ်ဖွဲ့ဝင် အများအပြား သုံးရပါလိမ့်မယ်” ဟု စစ်အုပ်စုကို ဆန့်ကျင်သည့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDF) မှ ကိုဆင်ဖြူက အေအက်ဖ်ပီကို ပြောသည်။

“မိုင်းရှာစက်တလုံး ကျွန်တော်တို့ ဝယ်နိုင်တယ်ပဲထားဦး၊ ဒီ ရှင်းလင်းရေးအတွက်က အဲဒါနဲ့တင် လုံလောက်မှာ မဟုတ်သေးပါဘူး။ ဆို‌တော့ ကျွန်တော်တို့အနေနဲ့ ကိုယ့်မှာ ရှိတဲ့ပစ္စည်းနဲ့ပဲ ဖြည်းဖြည်းချင်း လုပ်ကြရတယ်”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းပြီးကတည်းက နိုင်ငံတွင် ဒီမိုကရေစီစနစ် မူလအတိုင်း ပြန်ထားရေး ကြိုးပမ်းတိုက်ပွဲဝင်နေကြသည့် တပ်ဖွဲ့များထဲတွင် KNDF လည်း အပါအဝင်ဖြစ်သည်။

အာဏာသိမ်းစစ်တပ်ထံမှ သိမ်းပိုက်ရရှိသည့် လက်နက်များ၊ မှောင်ခိုဈေးကွက်မှ ဝယ်ယူရရှိသည့် လက်နက်များ သို့မဟုတ် တောတောင်တွင်းရှိ ပုန်းလျှိုးကွယ်လျှိုး ရှိနေသည့် ယာယီ လက်နက်ထုတ်စက်ရုံများ၌ ထုတ်လုပ်သော လက်နက်များကိုသာ မဖြစ်မနေ အားကိုးနေရသည် ဆိုသော်ငြား တော်လှန်ရေးတပ်ဖွဲ့များသည် ၎င်းတို့၏ ထိထိရောက်ရောက် လုပ်နိုင်စွမ်းဖြင့် အာဏာသိမ်းစစ်တပ်ကို သတိလက်လွတ်ဖြစ်ထားစေခဲ့သည်ဟု အကဲခတ်များက ပြောသည်။

ရှင်းလင်းဖယ်ရှားရန် ကြိုးပမ်းမှုများ ရှိနေသော်လည်း မြေမြှုပ်မိုင်းများသည် အရပ်သားပြည်သူတို့အပေါ် ထိခိုက်သေဆုံးစေမှုတို့ကို ဖြစ်ပေါ်စေလျက် ရှိသည်။

အသက် ၃၄ နှစ်ရှိ မလှဝင်းသည် သူမတို့ ကျေးရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် အနီးအနား ရှမ်းပြည်နယ် ဖယ်ခုံမြို့ရှိ ယာယီခိုလှုံရာစခန်းတခုသို့ ရောက်ရှိနေထိုင်ခဲ့သူတဦးဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ မိုးရာသီကာလအတွင်းတုန်းက သူမသည် ယာယီစခန်း၌ အအေးဒဏ်ကာကွယ်ရန်အလို့ငှာ သူငယ်ချင်းသုံးဦးနှင့်အတူ သူမ၏ ကျေးရွာသို့ စောင်များ သွားပြန်ယူရန် ဦးတည်ထွက်လာခဲ့ကြသည်။မလှဝင်းတယောက် အိမ်သို့ မရောက်ခင်မှာပင် မိုင်းနင်းမိခဲ့သည်။

“ရုတ်တရက်ဆိုသလို ကျွန်မခန္ဓာကိုယ်က အပေါ် မြောက်တက်သွားခဲ့တယ်” ဟု မလှဝင်းက အေအက်ဖ်ပီကို ပြောသည်။ သူမသည် ကမ့်စခန်း၌ သူမ၏ ကလေးနှင့်အတူ နေထိုင်နေခြင်း ဖြစ်သည်။

“အဲဒီအချိန်မှာ ဖြစ်ဖြစ်ချင်းတော့ အရမ်းလန့်နေတော့ ကျွန်မ ခြေထောက်နဲ့ပတ်သက်လို့ ဘာမှ မခံစားမိခဲ့ဘူး။ ဒါပေမယ့် ကျွန်မရဲ့ ခြေထောက်တဖက် မရှိတော့တာကို တွေ့ခဲ့ရတယ်”
မလှဝင်းသည် ဆေးရုံတခုတွင် ၁၃ ရက်ကြာ တက်ခဲ့ရပြီး ဆရာဝန်များက သူမ၏ မိုင်းနင်းမိသည့် ခြေထောက်ကို ဖြတ်တောက်ကုသပေးခဲ့သည်။ လက်ရှိတွင် သူမသည် ချိုင်းထောက်တခုကို အားကိုးနေရသည်။

“တခြားသူတွေလိုမျိုး ကျွန်မ အပြင်ထွက်မရတဲ့အခါမှာ ကိုယ့်ကိုယ်ကို ဒေါသဖြစ်မိတယ်” ဟု သူမက အေအက်ဖ်ပီကို ပြောသည်။
“စိတ်က တနေရာရာကို သွားချင်ပေမယ့် ခန္ဓာကိုယ်က မလိုက်နိုင်တော့ဘူး”

မြန်မာသည် လူသတ်မြေမြှုပ်မိုင်းများ အသုံးပြုမှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်းကို လက်မှတ်မထိုးထားပေ။

မြန်မာစစ်ကောင်စီ တပ်ဖွဲ့များသည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည့် ကျေးရွာများ အနီးဝန်းကျင်တွင် “အတိုင်းအတာ ကြီးမားစွာ” ဖြင့် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း Amnesty International အဖွဲ့က ယမန်နှစ်က ပြောသည်။

နယ်မြေဧရိယာတခုမှ စစ်အုပ်စု တပ်ဖွဲ့ဝင်များကို တွန်းလှန် တိုက်ထုတ်ပြီးချိန်တွင် ကိုဆင်ဖြူတို့ အဖွဲ့သည် ဧရိယာတွင် ကင်းလှည့်ပြီး မြေကြီးအောက်တွင် ထောင်ထားသည့် မိုင်းများကို ရှာဖွေရန် ပင်ခြေပိတ်ပေါင်းတို့ကို ရှင်းလင်းကြသည်။

“မိုင်းရှင်းလင်းရေးကို ကျွန်တော်တို့ ဦးစားပေး လုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါမှလည်း ရွာသားတွေ စိုက်ပျိုးရေးတွေ လုပ်နိုင်မှာဖြစ်သလို သူတို့ရွာတွေမှာ နေထိုင်လို့ရနိုင်မှာဖြစ်လို့ပါ” ဟု မျက်မှန်တပ်ထားသည့် အသက် ၃၁ နှစ်ရှိ ကိုဆင်ဖြူက ပြောသည်။

၎င်းတို့ အဖွဲ့သည် ပုံမှန်အားဖြင့် တလလျင် မိုင်းအလုံးရေ ၆၀ နှင့် ၇၀ အကြား ရှာတွေ့ပြီး အများဆုံး ရှာတွေ့သည်က ၁၉၅၀ ပြည့်နှစ်ကာလများက အမေရိကန်တို့ ပထမဆုံး အသုံးပြုခဲ့သည့် M14 အမျိုးအစား နင်းမိုင်းများ ဖြစ်သည်။

KNDF အနေဖြင့်လည်း မိုင်းများ ထောင်ကြောင်း ကိုဆင်ဖြူက ပြောသည်။ သို့သော် ယင်းက စစ်မြေပြင်ဧရိယာများတွင်နင့် ၎င်းတို့၏ အခြေစိုက်စခန်းများကို ကာကွယ်ရန်အတွက်သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာများ အနီးဝန်းကျင် ဧရိယာများမှ ပြန်လည်ဆုတ်ခွာသွားချိန် ထိုနေရာများ ဘေးကင်းကြောင်း မပြောမချင်း နေအိမ်များသို့ တက်သုတ်ရိုက် ပြန်ခြင်း မပြုရန် ရွာသားများကို KNDF က သတိပေးလျက် ရှိသည်ဟု ၎င်းက ပြောသည်။

KNDF တပ်သားဟောင်းတဦးဖြစ်သည့် ဂျိုးဇက်သည် ယမန်နှစ် ဇန်နဝါရီလက ကယားပြည်နယ်တွင် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲတခုအတွင်း မိုင်းနင်းမိပြီးနောက် ခြေထောက်တဖက်ကို ဆုံးရှုံးခဲ့ရသည်။
အသက် ၁၉ နှစ်ရှိ ဂျိုုးဇက်သည် အချိန်မီ ဆေးကုသမှု ခံယူနိုင်ခဲ့သည်။ မိုင်းထိပြီးနောက် သွေးထွက်လွန် သေဆုံးသွားရသည့် အခြားရဲဘော်များလည်း ရှိသည်ဟု ၎င်းက ပြောသည်။

ယင်းနောက် ရှစ်လအကြာတွင် ၎င်းသည် ခြေတု တခု တပ်ဆင်ခဲ့ပြီး လက်ရှိတွင် ဆိုင်ကယ်စီးဖြင့် သွားလာနိုင်ပြီ ဖြစ်သည်။ ၎င်းသည် ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နိုင်ခြင်း မရှိတော့သော်ငြား လက်ရှိတွင် ဒီမိုကရေစီလိုလားသော ရေဒီယိုစတေရှင်တခုတွင် အလုပ်လုပ်နေသည်။

သို့သော် ၎င်းသည် စိတ်ဒဏ်ရာဒဏ်ချက်များနှင့် နပန်လုံးနေရသည်။“ဒီ ဒဏ်ရာရပြီးနောက်ပိုင်း ကျွန်တော် စိတ်ဓာတ် အကြီးအကျယ်ကျတာတွေ ဖြစ်ခဲ့တယ်။ တခါတခါဆိုရင် ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်ချင်စိတ် ပေါ်သလို ကိုယ့်ကိုယ်ကို သတ်သေပစ်မယ်လို့တောင် အတွေးဝင်ခဲ့မိတယ်” ဟု ၎င်းက ပြောသည်။

KNDF က ယင်း၏ တပ်ဖွဲ့ဝင်မည်မျှ မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရ သို့မဟုတ် သေဆုံးခဲ့သည် ဆိုသည်နှင့်ပတ်သက်ပြီး ထုတ်ပြန်ထားခြင်း မရှိပေ။

ယမန်နှစ်က မြန်မာတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့် လက်နက်ပစ္စည်းများကြောင့် နေ့စဉ် လူတဦးနှုန်းကျော်ကို ထိခိုက်ဒဏ်ရာရစေ သို့မဟုတ် သေဆုံးစေခဲ့သည်ဟု ကုလက ဖေဖေါ်ဝါရီလတွင် ပြောသည်။

“ကယားပြည်နယ်ရဲ့ စစ်ဒဏ်သင့် ဧရိယာတွေမှာ ရှာပြီး ရှင်းလင်းရမယ့် နောက်ထပ် မြေမြှုပ်မိုင်းတွေ ရှိပါလိမ့်မယ်” ဟု ကို ဆင်ဖြူက ပြောသည်။

ယာယီခိုလှုံရာ စခန်း၌ ကလေးဖြစ်သူနှင့်အတူ နေထိုင်နေသည့် မလှဝင်းက သူမ ခြေတု တပ်ဆင်နိုင်လိမ့်မည်ဟု မျှော်လင့်နေဆဲဖြစ်သည်။

“ခုလိုဖြစ်တာက ကျွန်မရဲ့ ကံကြမ္မာလို့ပဲ သဘောထားပါတယ်” ဟု သူမက ပြောသည်။
“ဒီလမ်းမှာ တခြားလူတွေအများကြီး သွားလာခဲ့ကြပေမယ့် ကျွန်မကတော့ မြေမြှုပ်မိုင်း နင်းမိတဲ့သူ ဖြစ်ခဲ့ရတယ်” ဟု သူမက ပြောသည်။

Myanmar's landmine clearers working with pliers and bare hands
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly