ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် တင်သွင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် တင်သွင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာသည် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် တောင်းဆိုချက် တင်သွင်းထားကြောင်း ရာထူးမှ ထွက်ခွာတော့မည့် တရားရေးဝန်ကြီး ဝီဆန်နုကို ကိုးကားပြီး ဌာနေမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေးသမားဖြစ်သည့် ဩဇာကြီးသော သက်ဆင်သည် ၁၅ နှစ်ကြာ ကိုယ်တိုင်ပြည်ပြေးအဖြစ် နေထိုင်ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံသို့ ပြန်လာသည့်နောက်တွင် ထောင်ဒဏ်ရှစ်နှစ် အပြစ်ဒဏ် ခံယူနေရခြင်း ဖြစ်သည်။

ကိုယ်ပိုင်လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ဆင်းသက်လာသည့်နောက်တွင် သက်ဆင်အား ၎င်း အာဏာရှိချိန်က အာဏာအလွဲသုံးမှုနှင့် အကျိုးစီးပွား ထိပ်တိုက်တွေ့မှု စွဲချက်များဖြင့် ပြစ်ဒဏ်ချမှတ်ကာ ထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

သက်ဆင် ထိုင်းသို့ ပြန်ရောက်ပြီး နာရီပိုင်းမှာပင် ရှင်နာဝတ်ထရာ မိသားစု နောက်ခံသော ဖျူထိုင်းပါတီမှ ဆရတ်သာ သာဗီဆင်းက လွှတ်တော်မဲပေးမှုဖြင့် ဝန်ကြီးချုပ် ဖြစ်လာခဲ့ရာ သက်ဆင်အနေဖြင့် နိုင်ငံ၏ ရှေးရိုးစွဲများနှင့် ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် အစိုးရအား ဖြုတ်ချခဲ့သည့် တော်ဝင်သစ္စာခံ စစ်တပ်တို့ကြားမှ ရန်ဘက်ဟောင်းများနှင့် သဘောတူညီချက် အပေးအယူတရပ် လုပ်ခဲ့မည်ဟု ထင်ကြေးများ ထွက်ပေါ်စေခဲ့သည်။

ထို ထင်ကြေးများကို သက်ဆင်ရော ဖျူထိုင်းပါတီကပါ ငြင်းဆန်သည်။

ထိုင်းနိုင်ငံသို့ ပထမဆုံး ရောက်ရှိသည့် ညမှာပင် သက်ဆင်သည် ရင်ဘတ်အောင့်ခြင်းနှင့် သွေးတိုးခြင်းများကြောင့် ရဲဘက်ဆိုင်ရာ ဆေးရုံသို့ ရွှေ့ပြောင်းခံရသည်။

သက်ဆင်၏ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်ထားရန် ပြင်ဆင်နေကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly