မြန်မာစစ်တပ်၏ အလိမ်အညာများကိုနားမယောင်ဘဲ အမှန်တရားကိုမြင်အောင်ကြည့်ရန် အိန္ဒိယအစိုးရ ကို အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း 

By ရောင်နီ (မဇ္စျိမ)
31 August 2023
မြန်မာစစ်တပ်၏ အလိမ်အညာများကိုနားမယောင်ဘဲ အမှန်တရားကိုမြင်အောင်ကြည့်ရန် အိန္ဒိယအစိုးရ ကို အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း 

အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်တပ်၏ နှစ်ပေါင်းများစွာကိုင်စွဲလာသည့်  အလိမ်အညာနှင့် နည်းလမ်းဟောင်းများကို နားမယောင်ဘဲ အမှန်တရားနှင့် အရှိတရားကို မြင်အောင်ကြည့်ရန် အရပ်ဘက် အဖွဲ့အစည်းများက တိုက်တွန်းလိုက်သည်။

ဗမာ့ရေးရာနှင့် ဋိပက္ခလေ့လာရေးအဖွဲ့ (BACS) နှင့် India For Myanmar(I4M)တို့ ပူးပေါင်းထုတ်ဝေသည့် “မြန်မာစစ်အာဏာသိမ်းမှုလပေါင်း(၃၀)၊ အိန္ဒိယ၏ မြန်မာ့ရေးရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေ သုံး သပ်အစီရင်ခံစာ” သတင်းစာရှင်းလင်းကို သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက  ပြုလုပ်ခဲ့သည်။ 

အဆိုပါအစီရင်ခံစာတွင် “အိန္ဒိယကိုယ်တိုင်သည်လည်း မြန်မာစစ်တပ်၏ နှစ်ပေါင်းများစွာကိုင်စွဲလာသည့် အလိမ်အညာနှင့်နည်းလမ်းဟောင်းများဖြစ်သော ‘ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပ၍ အနိုင်ရသည့် အစိုးရကိုလွှဲပေးမည်’ ဆိုသည်ကိုနားမယောင်ဘဲ အမှန်တရားနှင့်အရှိတရားကို မြင်အောင်ကြည့်၍ မြန်မာ ပြည်သူများနှင့်လက်တွဲကာ သမိုင်းကောင်းကို ဖန်တီးရန်” အရပ်ဘက်အဖွဲ့အစည်းနှစ်ဖွဲ့က တိုက်တွန်း ထားခြင်းဖြစ်သည်။

အိန္ဒိယသည် နိုင်ငံတကာဆွေးနွေးပွဲများနှင့် ကုလသမဂ္ဂအစည်းအဝေးများတွင် မြန်မာပြည်ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်ရေးကို အားပေးထောက်ခံကြောင်း အကြိမ်ကြိမ်ပြောဆိုနေသော်လည်း တဖက်တွင်လည်း မြန်မာစစ်ကောင်စီ၏ ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်နေသည့် ကိစ္စများတွင် ပါ၀င်ကူညီ နေကြောင်း အစီရင်ခံစာက ထောက်ပြသည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှုအများဆုံး ငါးနိုင်ငံစာရင်းတွင် ပါ၀င်နေပြီး အဆိုပါစစ်လက်နက်များဖြင့် စစ်ကောင်စီက စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကာ နောင် တချိန် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုပြန်လည်ဖော်ဆောင်ရာတွင် ယခုလုပ်ရပ်များ၏ အကျိုး အပြစ်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ယင်းအပြင် တိုက်ပွဲများကြောင့်ရပ်တန့်ထားရသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းအပါအဝင် ၎င်းတို့၏ မဟာဗျူဟာအကျိုးစီးပွားအတွက်  အိန္ဒိယအနေဖြင့် စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုများနှင့် ဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။ 

အခန်းခြောက်ခန်းပါ၀င်သည့် အိန္ဒိယမြန်မာနှင့် ဆက်ဆံရေးမူဝါဒကိုလေ့လာသည့် အစီရင်ခံစာတွင် မြန်မာစစ်အာဏာသိမ်းပြီးနောက် လပေါင်း ၃၀ အတွင်း အိန္ဒိယအစိုးရ၏  မြန်မာပြည်အရေး ချဉ်းကပ် ပုံသည် မြန်မာဒီမိုကရေစီလှုပ်ရှားမှုကို အားအင်ချိနဲ့စေပြီး ဒေသတွင်းလုံခြုံရေးအပေါ်အကျိုးသက်ရောက် မှုများကို ဖော်ပြထားသည်။

“ အဓိကတော့ အိန္ဒိယအစိုးရရဲ့ စကစနဲ့ ဆက်ဆံနေမှုက ဘယ်လောက်အထိ မြန်မာဒီမိုကရေစီလှုပ်ရှားမှု အပေါ် သက်ရောက်မှုရှိလဲဆိုတာကို ပေါ်လွင်စေနိုင်ဖို့ ရည်ရွယ်တာပါ။ ဒုတိယအချက်က အိန္ဒိယအစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေကို ရပ်တန့်ပြီးတော့မှ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလာစေနိုင်ဖို့  ရည်ရွယ်ပါတယ်။ နောက်ဆုံးအချက်ကတော့ တော်လှန်ရေးအစိုးရ NUG အနေနဲ့  အိန္ဒိယကို ချဉ်းကပ်ရာ မှာဖြစ်ဖြစ် နောက်ပြီး သီးခြားတော်လှန်ရေးအင်အားစုတွေအနေနဲ့ အိန္ဒိယနဲ့ ပတ်သက်ပြီး အသံထွက်တဲ့ အချိန်မှာ စနစ်တကျနဲ့ အိန္ဒိယက ဘာလိုချင်တယ်။  အိန္ဒိယက ဘယ်လို ခြေလှမ်းလှမ်းနေတယ်ဆိုတာ သိရှိနိုင်ဖို့ ရှုထောင့်တွေအတွက် ဖြစ်ပါတယ်” ဟု အစီရင်ခံစာထုတ်ပြန်မှုအပေါ်   India For Myanmar မှ ဆလိုင်းဒိုခါက မဇ္စျိမကို ပြောသည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံအတွင်း မြန်မာစစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန့်ကျင်လှုပ်ရှား ဆန္ဒပြမှုများကို  အိန္ဒိယအစိုးရကပိတ်ပင်ထားသည့်အတွက် ယခုကဲ့သို့ အစီရင်ခံစာထုတ်ပြန်သည့် နည်း လမ်းကို အသုံးပြုရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါအစီရင်ခံစာကို အိန္ဒိယအနေဖြင့် မြန်မာ့အရေးကို ပိုမိုအလေးထားလာစေလိုသည့် ရည်ရွယ်ချက် ဖြင့် လာမည့် စက်တင်ဘာလဆန်းတွင် ကျင်းပမည့် "G20" ထိပ်သီးညီလာခံမကျင်းပမီ ကြိုတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်ကြောင်း ၎ငပြောသည်။

BACS နှင့် I4M တို့ ပူးပေါင်းထုတ်ဝေသည့် “မြန်မာစစ်အာဏာသိမ်းမှုလပေါင်း(၃၀)၊ အိန္ဒိယ၏ မြန်မာ့ရေး ရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေသုံးသပ်အစီရင်ခံစာ”ကို ပြည်တွင်းရှိ တော်လှန်ရေးအင်အားစုများ အပါအ၀င် အိန္ဒိယအစိုးရ၀န်ကြီးဌာနများ၊ အိန္ဒိယနိုင်ငံရေးပါတီများအားလုံးကို ဖြန့်ဝေရန်စီစဥ်ထား ကြောင်းလည်း သိရသည်။

“အိန္ဒိယအစိုးရက ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်တယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီးတော့ လက်လှမ်းမှီသလောက် အကျယ်ပြန်ဆုံးဖြန့်နိုင်ဖို့ ကျွန်တော်တို့ လုပ်မယ်။  အဓိကတော့ မြန်မာနိုင်ငံမှာရှိ တဲ့ တော်လှန်ရေးအင်အားစုတွေကို  ဖြန့်ဝေနိုင်အောင်ကြိုးစားမယ်။ နောက်ပြီးတော့ NUG , NUCC နောက် မြန်မာ့အရေးကိုကူညီနေတဲ့ နိုင်ငံတကာပေါ့။ ဖြစ်နိုင်ရင်တော့ နိုင်ငံတကာမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့လည်း အစီရင်ခံကို အခြေခံပြီးတော့မှ အိန္ဒိယကို တွန်းအားပေးတဲ့ လှုပ်ရှားမှုတွေ လုပ်ဖို့ စီစဥ်ထားတာရှိပါတယ်” ဟု ဆလိုင်းဒိုခါက ဆိုသည်။

အစီရင်ခံစာတွင် စုစည်းတင်ပြထားသည့် အချက်အလက်များသည် တော်လှန်ရေးတွင် တစိတ်တပိုင်း အထောက်အပံ့ဖြစ်မည့်အပြင် မြေပြင်အင်အားစုများသိသင့်သိထိုက်သည့် အချက်အလက်များပါသည့် အစီရင်ခံစာတစ်စောင်အဖြစ် ယုံကြည်ကြောင်းလည်း BACS နှင့် I4M က ပြောကြားသည်။

ယခုအစီရင်ခံစာသည် အိန္ဒိယအစိုးရ၏ မဟာဗျူဟာကျ လှုပ်ရှားနေသည့်  စီးပွားရေးနှင့် သံတမန်ရေး ချဉ်းကပ်ပုံ၊ စစ်ကောင်စီအား ထောက်ပံ့ပုံတို့ကိုစုစည်းကာ အိန္ဒိယနှင့် စစ်ကောင်စီ ဆက်ဆံရေးကို တင်ပြ ထားသည့် တော်လှန်ရေးကာလအတွင်း ပထမဆုံး ထုတ်ဝေသည့် အစီရင်ခံစာဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly