KNU တပ်မဟာ(၃) နယ်မြေအတွင်း စစ်ကောင်စီတပ်​၏ပစ်ခတ်မှုများကြောင့် ဒေသခံ ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

By YT (မဇ္ဈိမ)
31 August 2023
KNU တပ်မဟာ(၃) နယ်မြေအတွင်း စစ်ကောင်စီတပ်​၏ပစ်ခတ်မှုများကြောင့် ဒေသခံ ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
ပုံအညွှန်း- စစ်တပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုအချို့ (ဓါတ်ပုံ- KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ နှစ်ဦးသေဆုံး၍ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို​၏ ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့နှင့် ဩဂုတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရသည်။ 

" အခုက တိုက်ပွဲပြင်းထန်နေတာတော့ နေရာအနှံ့ပဲပေါ့။ ဒါပေမယ့် တိုက်ပွဲမဖြစ်လည်း စစ်ကောင်စီက ပစ်တာက ပစ်တာပဲလေ။ ရွာထဲလည်း ပစ်ချတာပဲ။ ရွာထဲပစ်ချမှတော့ ပြည်သူထိတာပေါ့" ဟု KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပိန်းဇလုပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)​က ၁၂၀ မမ လက်နက်ကြီးများဖြင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများအတွင်း ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်ထိမှန်၍ ပျဉ်ရေကြီးကျေးရွာမှ အသက် ခုနစ်နှစ်အရွယ်ရှိ သွန်းရတီဖူးနှင့် ၎င်း​၏ မိခင်ဖြစ်သူ အသက် ၄၄ နှစ်အရွယ်ရှိ ဒေါ်စန်းမျိုးဦးတို့ သေဆုံးခဲ့ရပြီး ကိုကျော်မိုးနိုင်၊ မမိုးမိုးဌေး၊ ကိုထူးဝေဖြိုးတို့သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

"စစ်တပ်က နေ့တိုင်းပစ်နေကျပဲလေ။ လက်နက်ကြီးထိတာက မိသားစုတစုလုံး ထိတာ၊ ကလေးမလေးကတော့ ခေါင်းကိုထိပြီး ပွဲချင်းပြီးပဲ၊ သူ့အမေကတော့ ခါးကိုထိတာတဲ့ ဆေးရုံရောက်မှ ဆုံးတာ။ ကျန်တဲ့ ကလေးမလေးအဖေရော မိသားစုဝင်တွေပါ ဒဏ်ရာရကြတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။ 

ထို့အပြင် ဩဂုတ်လ ၂၉ ရက်နေ့၊ ညပိုင်းတွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၃၉) ​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်၊ လက်တက်ကြီးကျေးရွာမှ အသက် ၂၇ နှစ်အရွယ် စောဂျောကလက်မူး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU က ဆိုသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ပိန်းဇလုပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)​က ၁၂၀ မမ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ KNU နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှ အသက် သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အမျိုးသမီးလေးဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ သေဆုံး၊ ထိခိုက်မှုများအပြင် ဒေသခံနေအိမ် ထိမှန်ပျက်စီးမှုများလည်း ရှိကြောင်း KNU ထံက သိရသည်။ 

လက်ရှိတွင် KNU တပ်မဟာ (၃) နယ်မြေအတွင်းရှိ နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများအပြင် စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်းရှိ ဒေသခံများ​၏ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ စစ်ကောင်စီတပ်​၏ ပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ပြည်သူ ၆၀၀,၀၀၀ ကျော်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly