အင်းလေးတွင် အမျိုးသမီး ၂ဦးပါမိသားစု စစ်ကောင်စီဖမ်းပြီး ပြင်ပနှင့်တွေ့ခွင့်ပိတ်

By ဂျူချန်း (မဇ္ဈိမ)
31 August 2023
အင်းလေးတွင် အမျိုးသမီး ၂ဦးပါမိသားစု စစ်ကောင်စီဖမ်းပြီး ပြင်ပနှင့်တွေ့ခွင့်ပိတ်
ဖမ်းဆီးခံထားရသည့် မိသားစု(ပုံဟောင်း)

ညောင်ရွှေမြို့နယ်၊​ အင်းလေးဒေသမှ အမျိုးသမီးနှစ်ဦးအပါအဝင် မိသားစုတစုကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ပြင်ပနှင့်တွေ့ဆုံခွင့်ပိတ်ပင်ထားကြောင်း ဒေသတွင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် Justice Movement for Community - Innlay အဖွဲ့ ဒါရိုက်တာ ဒေါ်ယုလှိုင်သင်းကပြောသည်။

အင်းလေးဒေသ၊ သပြေပင်သစ်၊အမှတ်(၃) ကျေးရွာမှ ကိုအောင်မျိုးဝင်း၊ မမြအေး၊၎င်းတို့၏ အသက် ၁၈ နှစ်နှင့် ၁၅ နှစ်အရွယ်သားနှင့်သမီးတို့ကို ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ ည ၈နာရီဝန်းကျင်ခန့်တွင် လက်နက်ကိုင်ထားသည့် ပျုစောထီး၁၀ ဦးခန့်က နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဟု သိရသည်။

ကိုအောင်မျိုးဝင်းနှင့် မမြအေးကို ညောင်ရွှေမြို့မ ရဲစခန်းအချုပ်ခန်းတွင် ချုပ်နှောင်ထားပြီး သားနှင့် သမီးဖြစ်သူကို ရဲစခန်း၏ ရုံးခန်းတွင် ထားရှိကြောင်း ၎င်းတို့နှင့်ဆွေမျိုးနီးစပ်သူများကပြောသည်။ လေးဦးစလုံးအား မည်သူနှင့်မျှတွေ့ခွင့်မပေးဟု ဆိုသည်။

“၂၉ ရက်နေ့က ကလေးတွေရဲ့ ဘကြီးက သွားတွေ့တာ။ ကလေးတွေနဲ့ ခဏတွေ့ရတယ်။ ကလေးတွေက ဘကြီးကိုမြင်မြင်ချင်း ပြေးဖက်ပြီး ငိုကြတယ်။ ခဏကြာတော့ စခန်းမှူးက လာထွက်ဆဲလို့ ပြန်ပြေးလာရတယ်။ မိဘနှစ်ယောက်ကကျတော့ ဘာမှ မသိရ မကြားရဘဲ ပြန်လာရတယ်။ စကားပြောခွင့်ကိုမပေးတာ။ တွေ့ခွင့်လည်းမပေးဘူး"  ဟု ဒေါ်ယုလှိုင်သင်းက ပြောသည်။

ကိုအောင်မျိုးဝင်းတို့ မိသားစုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သော်လည်း စစ်ကောင်စီက  တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးဟု ဒေသခံအချို့ကဆိုသည်။

" ဆွေမျိုးတွေ စိတ်ပူလွန်းလို့ တငိုငို၊တရယ်ရယ်ဖြစ်နေကြတယ်”ဟု ဒေါ်ယုလှိုင်သင်းက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့ကလည်း  ရွာငံမြို့နယ်၊ပဲရင်းတောင်ကျေးရွာနှင့် လွှစင်ကျေးရွာမှ ဒေသခံသုံးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး နေအိမ်လေးလုံးကို မီးရှို့သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယခု၂၀၂၃ ခုနှစ်ဩဂုတ်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝှမ်းတွင် မတရားဖမ်းဆီးခံရသူ စုစုပေါင်း ၂၄,၅၃၂ ဦးရှိပြီဖြစ်ပြီး ၁၉,၉၇၀ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၇,၂၀၈ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံထားကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားသည်။

 စာတည်း-အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required