မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် အွန်လိုင်းလိမ်လည်မှုများ၌ ကျွန်ပြုခံ အလုပ်သမား သိန်းပေါင်းများစွာ ရှိနေ

By Asia News
31 August 2023
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် အွန်လိုင်းလိမ်လည်မှုများ၌ ကျွန်ပြုခံ အလုပ်သမား သိန်းပေါင်းများစွာ ရှိနေ
Photo-AFP

အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၌ ခြိမ်းခြောက်အကျပ်ကိုင်ကာ စေခိုင်းခြင်းခံနေရသူများသည် မြန်မာ၌ ၁၂၀,၀၀၀ ခန့်နှင့် ကမ္ဘောဒီးယား၌ ၁၀၀,၀၀၀ နီးပါး ရှိနေနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ထိုအရေးနှင့် ပတ်သက်ပြီး ပထမဆုံး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများနှင့် ပတ်သက်ကာ AsiaNews ကလည်း သတင်းဖော်ပြဖူးသည်။

စည်းကမ်းမညီညွတ်သော ရွှေ့ပြောင်းသူ ထောင်ပေါင်းများစွာကို အလုပ်ရမည်ဟု ဖြားယောင်းပြီး ကွန်ပျူတာများ အပြည့်ရှိသည့် ရုံးခန်းများသို့ ပို့ဆောင်ကာ လူမှုမီဒီယာများမှတဆင့် အွန်လိုင်းလိမ်လည်မှုများကို စေခိုင်းနေခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂအေဂျင်စီက မှတ်ချက်ပြုသည်။ ထိုသို့ ဖြားယောင်းခံရသူများသည် တခါတရံ လူကုန်ကူးခံရသူများလည်း ဖြစ်နေပြီး စိတ်ဆန္ဒမပါသော အလုပ်များကို လုပ်ကိုင်နေကြရကာ အပြင်သို့လည်း ထွက်နိုင်ခြင်း မရှိကြပေ။

အဆိုပါ အွန်လိုင်းလိမ်လည်မှုများ၌ အတင်းအကျပ် စေခိုင်းခံရမှုများသည် ကမ္ဘာတလွှား၌ COVID-19 ကပ်ဘေး ဖြစ်ပွားပေါ်ပေါက်ချိန်မှစကာ တွင်ကျယ်လာခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်၌ ထိုသို့သော ကမ္ဘာတဝန်း အွန်လိုင်းလိမ်လည်မှုများမှ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံ ရှိသည်ဟု ခန့်မှန်းထားသည်။ ထိုနောက်ပိုင်းတွင် ပမာဏမှာ ပို၍ တိုးများလာနိုင်ဖွယ် ရှိနေသည်။

တိုင်ကြားမှုများနှင့် ဒေသတွင်း သုတေသနများကို စုဆောင်းပြီး ဖြစ်စဉ်တခုလုံးအား လွှမ်းခြုံသည့် ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါး ကုန်ကူးမှု နယ်မြေဖြစ်သော ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံကြားက ရွှေတြိဂံနယ်မြေသည် အဆိုပါ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအတွက် ဘေးကင်းရဦ ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ကပ်ဘေးနှင့် မြန်မာနိုင်ငံက အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေများက အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို ပို၍ တွင်ကျယ်များပြားစေသည်။ ပြည်တွင်းစစ်ပွဲ နောက်ခံဖြင့် အဆိုပါ အွန်လိုင်းလိမ်လည်မှုများသည် လက်နက်၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများနှင့် ရောထွေးကာ ကြီးထွားလာခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required