တရုတ်တွင် လက်ထပ်ထိမ်းမြားခြင်းနှင့်ကလေးမွေးဖွားမှုမြှင့်တင်ရန် သတို့သမီး အသက် ၂၅ နှစ်အောက်ငယ်သည့် မောင်နှံများကို ငွေသားဆုချီးမြှင့် 

By South China Morning Post
30 August 2023
တရုတ်တွင် လက်ထပ်ထိမ်းမြားခြင်းနှင့်ကလေးမွေးဖွားမှုမြှင့်တင်ရန် သတို့သမီး အသက် ၂၅ နှစ်အောက်ငယ်သည့် မောင်နှံများကို ငွေသားဆုချီးမြှင့် 

တရုတ်တွင် ကြီးထွားလာနေသော လူဦးရေအကျပ်အတည်းကို တိုက်ဖျက်ရန် ကလေးမွေးဖွားမှုအတွက် မက်လုံးပေးမည့် ထိရောက်သောနည်းလမ်းသစ်များကို ရှာဖွေနေစဉ်မှာ နိုင်ငံ၏အချမ်းသာဆုံး ပြည်နယ်စာရင်းဝင်တစ်ခုက သတို့သမီး အသက် ၂၅ နှစ်နှင့်အောက် မင်္ဂလာမောင်နှံများအတွက် ငွေသားဆုချီးမြှင့်မည်ဟု ပထမဆုံးအကြိမ်အဖြစ် ကြေညာလိုက်သည်။

နိုင်ငံအနောက်ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ချန်ရှန်းကောင်တီတွင် သတို့သမီးအသက် ၂၅ နှစ် သို့မဟုတ် ထိုထက်ငယ်သော ကြင်စဦးဇနီးမောင်နှံများသည် ငွေသား ယွမ် ၁,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၈ ) ရရှိမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။ တရုတ်နိုင်ငံတွင် အမျိုးသားများအတွက် တရားဝင်လက်ထပ်ခွင့်အသက်မှာ၂၂ နှစ်ဖြစ်ပြီး အမျိုးသမီးများမှာအတွက်မှာ ၂၀ နှစ်ဖြစ်သည်။

ယခုအရွေ့သည် ၁၉၇၀ နှောင်းပိုင်းမှစတင်ကာ ၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ တရုတ်အစိုးရသည် မိသားစုစီမံကိန်းတစ်စိတ်တစ်ပိုင်းအဖြစ် အရွယ်နှောင်းပိုင်းအိမ်ထောင်ပြုခြင်း၊ နောက်ကျမှ မွေးဖွားခြင်းနှင့် ကလေးနည်းနည်းမွေးဖွားခြင်းတို့ကို အားပေးခဲ့သည်။

တရုတ်နိုင်ငံတွင်  ပြီးခဲ့သောနှစ်က လက်ထပ်မှတ်ပုံတင်မှု ၆ ဒသမ ၈၃ သန်းအထိ ကျဆင်းခဲ့ပြီး ၉ နှစ်ဆက်တိုက်ကျဆင်းမှုဖြစ်ကာ ၁၉၇၀ ပြည့်လွန်နှစ်များနောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။

ဧပြီလတွင် ကျဲ့ကျန်းပြည်နယ်မှ ရှောင်ရှင်းမြို့သည်  အသက်ကန့်သတ်ချက်မထားရှိဘဲ ယွမ် ၁၀၀၀ တန်ဖိုးရှိ လက်ဖွဲ့များကို ကြင်စဦးဇနီးမောင်နှံများကို ပေးအပ်ခြင်းအပါအဝင် မွေးဖွားမှုမြှင့်တင်ခြင်းဆိုင်ရာ စာရင်းကို ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ ဒေသန္တရအစိုးရများသည် ငွေသားဆုများနှင့် မီးဖွားခွင့်အပါအဝင် အစီအမံအချို့ကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။ အချို့က တိုင်းပြည်၏ ကျဆင်းနေသော ကလေးမွေးဖွားနှုန်းနှင့် လက်ထပ်ထိမ်းမြားမှုနှုန်းကို မြှင့်တင်ရန် အောင်သွယ်တော်အဖြစ် လုပ်ဆောင်နေကြသည်။ 

ကလေးမွေးဖွားမှုအရေအတွက် ကျဆင်းလာခြင်းနှင့် သက်ကြီးရွယ်အိုဦးရေလျင်မြန်စွာ တိုးပွားလာခြင်းတို့ကြောင့်ဖြစ်သော လူဦးရေအကျပ်အတည်းသည် တရုတ်နိုင်ငံ၏ နှေးကွေးနေသော စီးပွားရေး  အတွက် အဆိုးရွားဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ပြီး အိမ်ရာဝယ်လိုအား လျော့ကျမှုနှင့် စားသုံးသူဈေးကွက် အားနည်းမှု၊ လုပ်သားအင်အား ကျဆင်းမှုနှင့် အစိုးရပင်စင်စရိတ်အတွက် စိန်ခေါ်မှုများ စသည့် ဂယက်ရိုက်မှုများ ရှိလာသည်။

ယမန်နှစ်က တရုတ်နိုင်ငံ၏ လူဦးရေမှာ ၈၅၀ ၀၀၀ လျော့နည်းကာ ၁ ဒသမ ၄၁၁၈ ဘီလီယံသို့ ကျဆင်းသွားခဲ့ပြီး ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံး ကျဆင်းမှုအဖြစ် လူထုကို စိုးရိမ်စေခဲ့သည်။ တရုတ်နိုင်ငံရှိ မိခင်များသည် ၂၀၂၁ ခုနှစ်က  ကလေး ၁၀ ဒသမ ၆၂ သန်းမွေးဖွားခဲ့ကာ  ပြီးခဲ့သည့်နှစ်က ကလေး ၉ ဒသမ ၅၆ သန်းသာ မွေးဖွားခဲ့ပြီး ၉ ဒသမ ၉၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်သွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ဧပြီလတွင် ထုတ်ပြန်ခဲ့သည်။

လူငယ်များအား လက်ထပ်ထိမ်းမြားစေရန်အားပေးသည့်အနေဖြင့် တရုတ်ရှိ ကောလိပ်များသည် မိသားစုဘဝစတင်လိုသော ဘွဲ့လွန်နှင့် ပါရဂူတန်း ကျောင်းသားများကို ငွေကြေးနှင့် မူဝါဒဆိုင်ရာ ပံ့ပိုးကူညီခြင်းဖြင့် အခြေကျအောင်လုပ်ဆောင်ပေးသင့်ကြောင်း လူဦးရေစာရင်းပညာရှင်များက ထောက်ပြကြသည်။

သို့သော စီးပွားရေး ဆက်လက်ရုန်းကန်နေရသောကြောင့် လူငယ်များသည် အိမ်ထောင်ပြုမှုနောက်ကျကာ လူမှုဘဝအတွက် တက်ကြွစွာ လုပ်ဆောင်ခြင်းမရှိပေ။

တရုတ်နိုင်ငံတွင် ကလေးမွေးဖွားမှုမှာ ယခုနှစ်တွင် ၈ သန်းအောက်သို့ ကျဆင်းသွားနိုင်ကြောင်း ပီကင်းတက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနမှ ဌာနမှူး ရှောင်ကျဲ့က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required