ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

By YT (မဇ္ဈိမ)
30 August 2023
ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
ပုံအညွှန်း- ဦးအောင်ငွေထွန်း​၏ ဓါတ်ပုံ (ဓါတ်ပုံ - တပင်ရွှေထီးစစ်ကြောင်း) 6m

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း တပင်ရွှေထီး စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ငွေထွန်း(ခ) မောင်တူး နေအိမ်သို့ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ရင်းငြိမ်မြောက်ကျေးရွာ ဘောလုံးကွင်းအနီး၌ ပူးပေါင်း တပ်ဖွဲ့မှ ရဲဘော်နှစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“သူက ရွေးကောက်ပွဲကတည်းက စစ်တပ်ဘက်ကလူ။ အပစ်ခံပေမယ့်မသေဘူး၊ ဆေးရုံမှာပဲရှိသေးတယ်၊ မစိုးရိမ်ရပါဘူး”ဟု ဦးအောင်ငွေထွန်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ အမျိုးသမီးတဦးကမဇ္ဈိမကိုပြော သည်။

ဦးအောင်ငွေထွန်းသည် ဝမ်းဗိုက်တွင် သေနတ်နှစ်ချက်ထိမှန်ခဲ့၍ မော်လမြိုင်စစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ပေါင်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ရာထူးမှအမြန်ဆုံးနှုတ်ထွက်ရန် တောင်ပိုင်းစစ်ဒေသ(၂)၊ သထုံခရိုင် တပ်မဟာ(၁)၊ KNLA/PDF တပ်ရင်း(၂)၊ တပင်ရွှေထီးပူးပေါင်းစစ် ကြောင်းကတောင်းဆိုထားပြီး ဆက်လက်ပြုလုပ်နေပါက အသက်အန္တရာယ်အား တာဝန်ယူမည်မဟုတ် ကြောင်းဆိုထားသည်။

ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများ တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်ရှင်းလင်းမှု မကြာခဏခံရလေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်မှ ရာအိမ်မှူး ကျော်စိုးမိုး (ခ)စတီး အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)မှ ရဲဘော်များ၏ သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခြင်းခံခဲ့ရပြီး နေရာ ၌ပင် သေဆုံးခဲ့သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly