အိန္ဒိယက စင်္ကာပူသို့ ဆန်တင်ပို့ရောင်းချမှုကို ခွင့်ပြုပေး

အိန္ဒိယက စင်္ကာပူသို့ ဆန်တင်ပို့ရောင်းချမှုကို ခွင့်ပြုပေး
File photo of a worker scooping rice into a bag on Aug 10, 2023. (Photo: AP Photo/Sakchai Lalit)

အိန္ဒိယအစိုးရသည် စင်္ကာပူနိုင်ငံသို့ ဆန်တင်ပို့မှုများကို ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက ဩဂုတ် ၂၉ ရက်တွင် ပြောသည်။

အိန္ဒိယနှင့် စင်္ကာပူသည် တူညီသည့် အကျိုးစီးပွားများ၊ နီးကပ်သော စီးပွားရေး ဆက်ဆံမှုနှင့် ပြည်သူအချင်းချင်းအကြား အားကောင်းသည့် ဆက်သွယ်မှုတို့ဖြင့် သွင်ပြင်လက္ခဏာဆောင်သည့် အလွန် ရင်းနှီးသော မဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုတရပ် ရှိနေကြောင်း အိန္ဒိယ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

“ဒီလိုမျိုး အထူး ဆက်ဆံပတ်သက်မှုကို အကြောင်းပြုပြီးတော့ အိန္ဒိယအနေနဲ့ စင်္ကာပူရဲ့ စားနပ်ရိက္ခာ ဖူလုံမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ဆန်တင်ပို့မှုကို ခွင့်ပြုပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ တရားဝင် အမိန့်ညွှန်ကြားချက်တွေကို မကြာခင် ထုတ်ပါလိမ့်မယ်” ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

အိန္ဒိယသည် ပြီးခဲ့သည့်လက အများအပြား စားသုံးသည့် ဘာစမာတီ မဟုတ်သည့် ဆန်ဖြူ ပြည်ပတင်ပို့မှုများအပေါ် ပိတ်ပင်ချက်တရပ် ချမှတ်ရင်း ပြည်ပဆန်ဝယ်လက်များကို အံ့အားသင့်စေခဲ့သည်။ ထိုမတိုင်မီ ပြီးခဲ့သည့်နှစ်ကလည်း အိန္ဒိယသည် ဆန်ကွဲ ပြည်ပတင်ပို့မှုများအပေါ် ပိတ်ပင်ချက်တရပ် ချမှတ်ခဲ့သေးသည်။

ဘာစမာတီ မဟုတ်သည့် ဆန်ဖြူ ပြည်ပတင်ပို့မှုများသည် အိန္ဒိယ၏ စုစုပေါင်း တင်ပို့မှုများ၏ လေးပုံတပုံခန့်နှင့် ညီမျှသည်။

ထို ပိတ်ပင်သည့် လုပ်ဆောင်ချက်က ပြည်တွင်းဈေးကွက်၌ လုံလောက်စွာ ရရှိနိုင်မှုကို သေချာစေရန်နှင့် ဆန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်စေရန် ဖြစ်ကြောင်း အိန္ဒိယ၏ စားသုံးသူရေးရာနှင့် စားနပ်ရိက္ခာဝန်ကြီးဌာနက ပြောသည်။

ယခုနှစ်ကုန်ပိုင်း ပြည်နယ်ရွေးကောက်ပွဲများမတိုင်မီ ကုန်ဈေးနှုန်းတက်မှုများကို ထိန်းချုပ်ရန် ကြိုးပမ်းလျက် ရှိသည့် အိန္ဒိယသည် ပြီးခဲ့သည့် သောကြာနေ့ကလည်း ဆန်ပြည်ပတင်ပို့မှုများအပေါ် ကန့်သတ်မှုများ တိုးချဲ့လုပ်ဆောင်ခဲ့ပြီး ပေါင်းဆန်အပေါ် ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုတရပ်ကို အောက်တိုဘာ ၁၅ ရက်အထိ အသက်ဝင် အကျိုးသက်ရောက်စေခဲ့သည်။

India allows rice exports to Singapore: Ministry
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly