"လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ” ကို အခြေခံပြီး ဆောက်ရွက်နေဟု NUG ပြော

By မိုးသောက် (မဇ္ဈိမ)
30 August 2023
"လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ” ကို အခြေခံပြီး ဆောက်ရွက်နေဟု NUG ပြော
Photo-( NUGနိုင်ငံခြားရေးဝန်ကြီးနှင့် အရှေ့တီမောသမ္မတတို့ တီမောနိုင်ငံတွင် တွေ့ဆုံခဲ့စဉ်)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လက်ရှိအချိန်တွင် လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို အခြေခံပြီး နိုင်ငံတကာ ဆက်ဆံရေးကို ဆောင်ရွက်နေသည်ဟု ဩဂုတ်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားသည်။

"ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာပါဝင်တဲ့ နိုင်ငံခြားရေးမူဝါဒအရ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို အခြေခံပြီးတော့ ကျွန်မတို့ အထူးအားဖြင့် တော်လှန်ရေးအစိုးရဖြစ်တယ်၊ ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရဆိုတာကို ကျမတို့က အဓိက ထားပြောချင်ပါတယ်၊ ကြားကာလမှာ ကျမတို့တာဝန်ဟာ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျပြီးတော့ ဖက်ဒရယ်ပဋိညာဉ်အရ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်မယ့် အခင်းအကျင်းတွေကို ဖန်တီးပေးနိုင်ဖို့က ကျမတို့အစိုးရရဲ့ တာဝန်တရပ်လည်း ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့်  ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အထောက်အကူ ဖြစ်နိုင်သည့် နိုင်ငံများ၊ နိုင်ငံတကာဥပဒေများ၊ လူ့အခွင့်ရေး စံချိန်စံညွှန်းများနှင့် ဆန့်ကျင်ခြင်းမရှိဘဲ  လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒများအတိုင်း လုပ်ဆောင်နေကြောင်း ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရသည် အမေရိန်ကန်ပြည်ထောင်စုကဲ့သို့ အနောက်နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံရေး ရှိသည်ကို တွေ့ရသည်။

သို့သော်လည်း အိမ်နီးချင်းနိုင်ငံလည်းဖြစ် အင်အားကြီးနိုင်ငံများတွင်လည်း ပါဝင်သည့် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ဆက်ဆံရေး၊ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် စစ်ဘေးရှောင်များစွာ ခိုလှုံနေသည့် ထိုင်းနိုင်ငံတို့နှင့် ဆက်ဆံရေးမှာမူ နှေးကွေးနေကြောင်း လေ့လာသူများက ပြောသည်။

NUG အနေဖြင့် ပထဝီနိုင်ငံရေးကို အလေးထားပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသည့် နိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ဇင်မာအောင်က ထပ်လောင်းပြောကြားခဲ့သည်။

စာတည်း။     ။ နောင်နောင်
စာမူတည်းဖြတ်။      ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly