အခုအချိန်ဟာ စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေး ပြောဆိုရမယ့်အချိန်မဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြော

By မဇ္ဈိမ 
30 August 2023
အခုအချိန်ဟာ စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေး ပြောဆိုရမယ့်အချိန်မဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြော

စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေးရေးပြောဖို့ အချိန်မဟုတ်ဘူး လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သြဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံခြားရေးမူဝါဒ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲပါဝင်တဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့ အဖြေရှာဖို့ဆိုတာနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလို ပြောကြားလိုက်တာပါ။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးသဘောအရ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းပြောဆိုတာက စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်ဆီသွားဖို့ အချိန်ပေးနေတာဖြစ်ပြီး လက်ရှိ စစ်တပ်ကျူးလွန်နေတဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ပိုဆိုးဝါးစေတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒိုင်ယာလော့ဂ် လို့ပြောရင် စစ်ကောင်စီ နဲ့ NUG နှစ်ဖွဲ့ ဆွေးနွေးရုံနဲ့ မပြီးဘူး လို့ ဆိုပါတယ်။

ဖက်ဒရယ် ပဋိညာဉ် မှာပါတဲ့ နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်တွေအတိုင်း နိုင်ငံရေးအင်အားစုတွေ၊ သပိတ်အင်အားစုတွေ၊တိုင်းရင်းသားအင်အားစုတွေ နဲ့ တသဘောထဲ ရပ်တည်ပြီး နိုင်ငံရေးဆုံးဖြတ်ချက်တွေ၊ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ပတ်သက်တာတွေ ကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ် လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒိုင်ယာလော့ဂ် လို့ပြောရင် အချိန်အခါနဲ့ ပတ်ဝန်းကျင်ဟုတ်မဟုတ်ဆိုတာကို အရင်ဆုံးသုံးသပ်ဖို့ လိုတယ် လို့ သူကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းကောင်စာရင်း ကောက်ယူဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော်ပြောဆိုတာတွေ ရှိနေတဲ့အတွက် တွေ့ဆုံညှိနှိုင်းရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ရည်ရွယ်ဦးတည်နေတာလို့ နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ NUG ဝန်ကြီး ‌ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ ပါဝင်ဖြေကြားခဲ့ကြပါတယ်။

ဦးမိုးဇော်ဦးက စစ်ကောင်စီအပေါ် ပိတ်ဆို့မှုတွေ ထပ်လုပ်ဖို့ နိုင်ငံတကာကို တိုက်တွန်းခဲ့ပါတယ်။

အလားတူ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီအပေါ် အရေးယူမှုပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ NUG၊ CRPH နဲ့ PDF တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်တော့ကြောင်း ဝန်ခံချက်ပေးပြီး ကမ္ဘာသိကြေညာချက် ထုတ်ပြန်ပေးမှသာ တွေ့ဆုံဆွေးနွေးနိုင်မယ်လို့ ဩဂုတ် ၂၂ ရက် ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly