မြန်မာနဲ့ အရှေ့တောင်အာရှဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူပေါင်း သိန်းနဲ့ချီ အဓမ္မခိုင်းစေခံနေရကြောင်း ကုလထုတ်ပြန်

By မဇ္ဈိမ 
30 August 2023
မြန်မာနဲ့ အရှေ့တောင်အာရှဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူပေါင်း သိန်းနဲ့ချီ အဓမ္မခိုင်းစေခံနေရကြောင်း ကုလထုတ်ပြန်

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်နှိပ်စက် ညှဉ်းဆဲခံရပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အဓမ္မစေခိုင်းတာခံနေရတယ်လို့ ကုလသမဂ္ဂက ဩဂုတ် ၂၉ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

အများစုဟာ ဆိုက်ဘာရာဇဝတ်မှုတွေကို ကျူးလွန်ဖို့အတွက် လူကုန်ကူးခံရပြီး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စေခိုင်းခံရသူတွေဟာ ရာဇဝတ်သားတွေ မဟုတ်ပါဘူး။ သားကောင်တွေသာ ဖြစ်ကြပါတယ် လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောပါတယ်။

အွန်လိုင်းလိမ်လည်မှုတွေမှာ အတင်းအကြပ် ခိုင်းစေခံရတဲ့သူတွေဟာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ကို အတင်းအကြပ် ဖိအားပေးခံရချိန်မှာ လူမဆန်တဲ့ ဆက်ဆံမှုတွေကိုပါ ခံစားကြရတယ် လို့Volker Turk က အစီရင်ခံစာမှာ ပြောပါတယ်။

မြန်မာနိုင်ငံက လူပေါင်းတစ်သိန်းနှစ်သောင်းကျော်နဲ့ ကမ္ဘောဒီးယားနိုင်ငံက လူတစ်သိန်းလောက်ဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဖို့ အတင်းအဓမ္မဖိအားပေး စေခိုင်းခံနေရတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

လာအို၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေကတော့ ကြားခံလုပ်ဆောင်နေတဲ့ နိုင်ငံတွေဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီကာ ဝင်ငွေရနေပြီး၊ လိမ်လည်ခံရသူအများစုဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ၊ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တောင်အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတို့က အများစုဖြစ်တယ်လို့လည်း ပြောပါတယ်။

သားကောင်ဖြစ်ရသူတွေရဲ့ အရေအတွက်အတိအကျဟာ သက်ဆိုင်ရာနိုင်ငံတွေအလိုက် အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေပေါ်မှာ မူတည်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အွန်လိုင်းလိမ်လည်မှုမှာ လူကုန်ကူးခံရသူအများစုဟာ အမျိုးသားတွေဖြစ်ပေမဲ့ အမျိုးသမီးတွေနဲ့ ဆယ်ကျော်သက်တွေလည်း ပါတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီငွေလိမ်ဂိုဏ်းတွေ ကြီးထွားလာတာဟာ ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက် လုပ်ငန်းတွေလည်ပတ်မှု ရပ်တန့်သွားတာ၊ လောင်းကစားရုံတွေ ပိတ်သိမ်းရတဲ့နောက်ပိုင်း ပိုမိုများလာတာဖြစ်တယ်လို့ ပါရှိပါတယ်။

ငွေလိမ်ဂိုဏ်းတွေဟာ လောင်းကစားဝိုင်းတွေထက် နေရာအကျယ်အဝန်း သိပ်မလိုဘဲ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့နိုင်ငံ နယ်စပ်ဒေသတွေမှာ လှုပ်ရှားကြတယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်ဒေသတွေဟာ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ကျင်လည်ရာဒေသဖြစ်နေပြီး ဒီ အခြေအနေဟာ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်ပြည်သူ့အကျိုးစီးပွားအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိ တဲ့အကြောင်း ထောက်ပြခဲ့သလို ဒီဂိုဏ်းတွေကို တိတိကျကျနှိမ်နင်းဖို့ မြန်မာ-တရုတ်နဲ့ ထိုင်းနိုင်ငံတို့ ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပိတ်မိနေတဲ့တရုတ်နိုင်ငံသားတွေကို အချိန်နဲ့တပြေးညီ ကယ်ဆယ်ဖို့ လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်းက မြန်မာပြည်ကိုလာရောက်စဉ် စစ်ကောင်စီဘက်ကို တိုက်တွန်းသွားပါတယ်။

အခုလို အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဖြစ်နေတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို သေချာကိုင်တွယ်ဖြေရှင်းရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှု ကွာဟချက်ကြောင့် အခက်အခဲရှိတယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly