တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နဲ့ TNLA  တိုက်ပွဲပြင်းထန် 

By မဇ္ဈိမ 
30 August 2023
တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နဲ့ TNLA  တိုက်ပွဲပြင်းထန် 

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ခိုမုန်းရွာအနီးမှာ သြဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြာက်ရေး တပ်မတော် TNLA တို့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

ခိုမုန်းရွာဘက်ကို နမ့်ဖက်ကာမှာရှိတဲ့ စစ်ကောင်စီရဲ့ ၁၂၃ တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ပေးခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါဟာ တရုတ်နယ်စပ်နဲ့ တစ်ကီလိုမီတာကျော်သာကွာဝေးတဲ့ TNLA ရဲ့ တပ်မဟာ ၁ စစ်ဒေသထဲက ခိုမုန်းရွာဘက်ကို စစ်ကောင်စီက ပြည်သူ့စစ်တွေအပါအဝင် စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်လာခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာလို့ TNLA က ပြောပါတယ်။

ခိုမုန်းကျေးရွာဟာ တရုတ်နယ်စပ်နဲ့ ၁.၅၄ ကီလိုမီတာသာ ကွာဝေးပြီး အကြမ်းဖက် စစ်တပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံ ၄၂၁၊ ၄၂၃၊ ၅၇၇ တပ်ရင်းများနဲ့  ပြည်သူ့စစ် တပ်ဖွဲ့များ ဖြစ်တဲ့ ရှောက်ဟော်၊ လုံထန်၊ မြို့မ ၁၊ ၂၊ ၃ အဖွဲ့များက စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ဒါအပြင် မူဆယ်မြို့နယ်၊ စယ်လန်ရွာအနီးက ဘုရားတောင်ဘက်ကိုလည်း စစ်ကောင်စီတပ်ရှိရာ လွယ်ကျယ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဘုရားတောင်က ဘုန်းတော်ကြီးကျောင်းမီးလောင်ကျွမ်းခဲ့တယ်လို့ ဖော်ပြပါတယ်။

TNLA တပ်မဟာ ၄ စစ်ဒေသဖြစ်တဲ့ လားရှိုးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေက စစ်ကားတွေနဲ့ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုလအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ ၁၅ ကြိမ်ရှိလာပြီလို့ TNLA ရဲ့ စာရင်းအရတွေ့ရပါတယ်။

အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်က မူဆယ်မြို့နယ်အတွင်းကို စစ်အင်အားတွေ ထပ်ဖြည့်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်လာနိုင်တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ လားရှိုးမြို့နယ်တွေမှာ ဩဂုတ်တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၁၅ ကြိမ်အထိဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ TNLA က ပြောထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ကို နိုင်ငံအနှံ့ ခုခံတော်လှန်မှု ပေါ်ပေါက်လာပြီး လက်နက်ကိုင်ခုခံလိုတဲ့ လူငယ်တွေကို ကူညီတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ TNLA လည်း ပါဝင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly