မြန်မာဒုက္ခသည်များအတွက် အကူအညီများ ပိုမိုပေးအပ်ရေး ထိုင်းလူ့အခွင့်အရေးကော်မရှင်က ထိုင်းအာဏာပိုင်တို့ကို တိုက်တွန်း

မြန်မာဒုက္ခသည်များအတွက် အကူအညီများ ပိုမိုပေးအပ်ရေး ထိုင်းလူ့အခွင့်အရေးကော်မရှင်က ထိုင်းအာဏာပိုင်တို့ကို တိုက်တွန်း
Soldiers and local officials visit a refugee camp in Mae Sariang district of Mae Hong Son on July 7. (Photo: Radio Thailand, Mae Sariang Facebook)

မြန်မာနိုင်ငံဘက်ခြမ်းရှိ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဇွန်လကတည်းက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်ထဲ ဝင်ရောက် ခိုလှုံနေထိုင်ရလျက် ရှိသည့် မြန်မာဒုက္ခသည်များ၏ အရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ရလျက် ရှိကြောင်း ထိုင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) က ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း အာဏာသိမ်းစစ်တပ်နှင့် ကရင်နီတပ်မတော် (KA) အကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် မြန်မာအရပ်သားပြည်သူ ၉,၄၀၀ ကျော်သည် နယ်စပ်ကို ဖြတ်ကာ ထိုင်းဘက် ထွက်ပြေးရောက်ရှိခဲ့ကြကြောင်း ကော်မရှင်က ဩဂုတ် ၂၉ ရက်တွင် ပြောသည်။

၎င်းတို့သည် ကယားပြည်နယ်မှ ထွက်ပြေးလာခဲ့ကြပြီး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၏ ခရိုင် သုံးခုဖြစ်သည့် မူအန်း၊ ခွန်ယူအမ်နှင့် မယ် စရီယန်း တို့ရှိ ယာယီခိုလှုံရာစခန်း ငါးခုတွင် နေထိုင်ကြလျက် ရှိသည်။

များမကြာမီက လေကြောင်းတိုက်ခိုက်မှုများကြောင့် စားနပ်ရိက္ခာ ပို့ဆောင်မှု လမ်းကြောင်းများ အပါအဝင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ပိတ်ဆို့စေခဲ့ပြီးနောက် အခြေအနေများက ပိုမို ဆိုးရွားလာခဲ့သည်ဟု NHRC က ပြောသည်။
လက်ရှိ အခြေအနေအရ ထိုင်း-မြန်မာ နယ်စပ်တလျောက် နောက်ထပ်ခိုလှုံခွင့် တောင်းခံမည့် သူများအတွက် ဘေးကင်းသော နေရာများ အပါအဝင် မြန်မာဒုက္ခသည်များအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးအပ်ရေး သက်ဆိုင်ရာ အေဂျင်စီများကို NHRC က တိုက်တွန်းတောင်းဆိုထားသည်။

သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေးအဖွဲ့များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ထိုင်း ကြက်ခြေနီအသင်းနှင့် နိုင်ငံတကာ အေဂျင်စီများအနေဖြင့် ကမ့်စခန်းများ၌ နေထိုင်လျက်ရှိသော ဒုက္ခသည်များကို အမိုးအကာ၊ စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် အခြား လိုအပ်သည့် ပစ္စည်းများ ပံ့ပိုးပေးအပ်ရန် လိုအပ်သည်။

လူတို့၏ အခွင့်အရေးများ ချိုးဖောက်ခံရမည့် အန္တရာယ် ရှိနေသည့် သို့မဟုတ် လုံခြုံရေးနှင့် အသက်ဘဝများ ဘေးမကင်းဖြစ်နေသည့် နိုင်ငံတနိုင်ငံသို့ ဒုက္ခသည်များကို ပြန်မပို့သင့်ကြောင်း ဖွင့်ဆိုထားသည့် နိုင်ငံတကာ အသိအမှတ်ပြု မူတရပ်ကို အစိုးရအေဂျင်စီများဘက်က ထိန်းသိမ်းလိုက်နာရေး ကော်မရှင်က တိုက်တွန်းသည်။

ထိုမူကို ယခုနှစ် ထိုင်းနိုင်ငံတွင် အသက်ဝင်ခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် အတင်းအကျပ် အစဖျောက်မှုဆိုင်ရာ တားဆီးဟန့်တားရေးနှင့် နှိမ်နင်းအရေးယူရေး အက်ဥပဒေသစ်တွင် အထူးတလည် ထည့်သွင်းဖော်ပြထားသည်။ထို့ပြင် ဒုက္ခသည်များအပေါ် လူလူချင်း စာနာမှုကို လေးစားလိုက်နာရန်နှင့် မည်သည့်နိုင်ငံသား၊ မည်သည့်အခြေအနေ ဖြစ်ပါစေ၊ ဒုက္ခသည်အားလုံးကို တန်းတူညီမျှ ဆက်ဆံရန် အာဏာပိုင်များကို NHRC က တိုက်တွန်းသည်။

Rights body demands more help for refugees
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly