မုန်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်မှကျောင်းများ ပိတ်ထားရ

By YT  ( မဇ္ဈိမ)
29 August 2023
မုန်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်မှကျောင်းများ ပိတ်ထားရ
ပုံအညွှန်း- မုန်းမြို့အဝင်ဆိုင်းဘုတ် (ဓါတ်ပုံ- လူမှုကွန်ယက်)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အတွင်း စစ်ကောင်စီတပ်နှင့် တပ်မဟာ (၃) ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်နေပြီး မြို့ ပေါ်မှကျောင်းများ ပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲမှာ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က သမန်းကျင်းနှင့် ကြက်တက်ညောင်ပင်သာကျေးရွာအနီးအား လေ ကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် မုန်းမြို့ပေါ်ရှိ ကျောင်းများအားလုံးပိတ်ထားရပြီး ကြက် တက်ညောင်ပင်သာ၊ အောင်းကြီးညောင်ပင်သာ၊ သမန်းကျင်း၊ ကညင်ကျကျေးရွာတို့မှ ဒေသခံများ နီးစပ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မုန်းမြို့ပေါ်မှာက အထက်တန်းကျောင်းတကျောင်းနဲ့ မူလတန်းကျောင်း နှစ်ကျောင်းရှိတယ်။ အခု အား လုံး ပိတ်လိုက်ပြီ။ မြို့ပေါ်နဲ့ အခုတိုက်ပွဲဖြစ်နေတဲ့ရွာတွေက နီးတယ်။ သုံး၊ လေးမိုင်လောက်ပဲဝေးတာ။ စစ်တောင်းမြစ်ကူး အုတ်ဖြတ်တံတားနဲ့ ပိုနီးတယ်။ တိုက်ပွဲက မုန်းမြို့ထဲကူးစက်လာရင် ကျောင်းသား တွေအတွက် အန္တရာယ်များလို့ ကျောင်းမှာဆိုစိတ်မချရတော့ ပိတ်လိုက်တာလို့သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

“မုန်းနားက သမန်းကျင်းနဲ့ ကြက်တက်ညောင်ပင်သာရွာအနားမှာ အခုမနက် တိုက်ပွဲဖြစ်နေတယ်။ တပ် မဟာ(၃)၊ ရင်း(၈) နယ်မြေမှာ။ လေယာဥ်နဲ့လည်း နှစ်ကြိမ်လာပစ်တယ်။ ရွာမီးရှို့ခံရတယ် ကြားတယ်။ ဘယ်နှစ်အိမ်ပါသွားလဲတော့ မသိသေးဘူး” ဟု အခြား ဒေသတွင်းသတင်းရင်းမြစ်တဦးကလည်း မဇ္ဈိမကို ပြောသည်။

မုန်းမြို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) တပ်ရင်း (၈) အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်နှင့် နယ်မြေခံ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိသည့် နယ်မြေဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly