တနင်္သာရီတွင် စစ်ကောင်စီတပ်က ရမ်းသန်းပစ်သည့်လက်နက်ကြီး ရဲတပ်သားမိခင်ကို မှန်

By ကိုရွှေမြိတ်(မဇ္ဈိမ)
29 August 2023
တနင်္သာရီတွင် စစ်ကောင်စီတပ်က ရမ်းသန်းပစ်သည့်လက်နက်ကြီး ရဲတပ်သားမိခင်ကို မှန်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့တွင် ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ရဲတပ်သားတဦး၏မိခင် ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့ရှိ ဌာနဆိုင်ရာရုံးများတည်ရှိရာ (ဒေသအခေါ်) လေသာတောင်မှ ဩဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်များသည် ဘန်လောကျေးရွာဖက်ကိုသို့ စတင်ကျရောက်ပေါက်ကွဲ ခဲ့ပြီး နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့သည်။ ထပ်မံပစ်ခတ်ရာတွင် တနင်္သာရီမြို့၊ တပ်ဦးရပ်ကွက်မှ နေအိမ် တလုံးပေါ်သို့ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ ဝန်းကျင် ဒေါ်ညွန့်၏နဖူး၌ ကျည်စထိမှန်ကာ ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

 “ညက ပစ်ခတ်သံတွေတော့ ကြားတယ်။ အပြင်ကိုမထွက်ရတော့ သေချာမသိရဘူး။ ဒဏ်ရာရတဲ့ အမျိုး သမီးကြီးကိုတော့ စစ်ကောင်စီတပ်က ညတွင်းချင်း ဆေးရုံကိုပို့ပေးခဲ့တယ်။ ဒီမနက်တော့ ပြန်ဆင်းသွား ပြီးကြားတယ်”ဟု တနင်္သာရီမြို့ခံတဦးက ပြောသည်။

ဒဏ်ရာရရှိသူ၏သားမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး မောတောင်ရဲစခန်းတွင် တာဝန်ထမ်း‌ဆောင်နေကြောင်း သိရသည်။ 

မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်နှစ်လုံးကိုလည်း အဆိုပါအမျိုးသမီး၏ နေအိမ်အနီးမှတွေ့ရှိ ခဲ့ပြီး ရဲတပ်သားများက ယနေ့နက်ပိုင်းတွင် လာရောက် ရှင်းလင်းသွားခဲ့သည်။

တနင်္သာရီမြို့နယ်တွင် လွန်ခဲ့သည့် ငါးရက်ခန့်က‌လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာများသို့ စက်သေနတ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်လည်းဖြစ်သည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly