ကော့ကရိတ်တွင် စစ်တပ်ဗိုလ်ကြီးကို PDF ဖမ်းဆီးရမိ

By မောင်ခက်နွေ (မဇ္ဈိမ) 
29 August 2023
ကော့ကရိတ်တွင် စစ်တပ်ဗိုလ်ကြီးကို PDF ဖမ်းဆီးရမိ
ပုံစာ - ဖမ်းဆီးခံရသည့် ဗိုလ်ကြီး ရဲမင်းထွန်းကိုမြင်တွေ့ရစဉ် (ပုံ - Justice Soldier PDF)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေတွင်  တပ်ထောက်ဗိုလ်ကြီးတဦးကို ဖမ်းဆီးရမိသည်ဟု  Justice Soldier PDF က ဒီကနေ့ ထုတ်ပြန်လိုက်သည်။ 

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်တွင် ကော့ကရိတ်မြို့နယ် ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေအတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးတဦးကို အရပ်ဝတ်ဖြင့် ဖြတ်သန်းသွားလာချိန်တွင် မသင်္ကာသောကြောင့် စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့သည်ဟု Justice Soldier PDF ကဆိုသည်။ 

ပုံစာ - ဖမ်းဆီးခံရသည့် ဗိုလ်ကြီး ရဲမင်းထွန်းကိုမြင်တွေ့ရစဉ် (ပုံ - Justice Soldier PDF)

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မဇ္ဈိမ မှ Justice Soldier PDF ကိုဆက်သွယ်သော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်၍မရသေးပေ။ 

ဖမ်းဆီးခံရသည့် တပ်ထောက်ဗိုလ်ကြီးမှာ အသက် ၃၃ နှစ်အရွယ် ကိုရဲမင်းထွန်းဆိုသူဖြစ်ပြီး မိခင်တပ်ရင်းမှာ အမှတ် (၂၀၇) ခြေမြန်တပ်ရင်းမှဖြစ်ကာ လက်ရှိတွင် ခမရ (၃၀၅)မှာ တာဝန်ထမ်းဆောင်နေသည်ဟု ဖမ်းဆီးခံရသည့်  ဗိုလ်ကြီးက ဆိုသည်။  

လက်ရှိတွင် “အမှတ် (၂) တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသကွပ်ကဲရေး အဆင့်ဆင့်ကို ကျွန်တော်တို့ ပို့ပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု Justice Soldier PDF ၏ ခေါင်းဆောင်ရဲဘော်ဇွဲက လူမှုကွန်ရက်တွင် အသိပေးထားသည်။ 

အလားတူ ဩဂုတ်လ ၂၈ ရက်နေ့ကလည်း လွိုင်ကော်မှတနိုင်းသို့ ပြောင်း ရွှေ့မည့် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး) ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းများကို  ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားသေးသည်။ 

သေနတ်ကျည်ဆန်များအပါအဝင် ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပကဖ)က ထီးချိုင့်မြို့နယ်တွင် ကုန်ကားများကို စစ်ဆေးစဉ် သြဂုတ်လ ၉ ရက်နေ့က  ဖမ်းဆီးရမိခဲ့ခြင်းဟု သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly