ဒုဗိုလ်မှူးကြီး ၁ဦး နှင့် ဗိုလ်ကြီး၁ဦး တပ်တွင်းပုန်ကန်မှုဖြင့် အမြင့်ဆုံးထောင်ဒဏ်နှင့် သေဒဏ် ချမှတ်ခံရ

By ဂျူချန်း (မဇ္ဈိမ)
29 August 2023
 ဒုဗိုလ်မှူးကြီး ၁ဦး နှင့် ဗိုလ်ကြီး၁ဦး တပ်တွင်းပုန်ကန်မှုဖြင့် အမြင့်ဆုံးထောင်ဒဏ်နှင့် သေဒဏ် ချမှတ်ခံရ
ပုံစာ-တပ်တော်ဆေးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ ကျင်းပသည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၇)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်း ညစာစားပွဲ (ပုံဟောင်း)

ရန်ကုန်တိုင်း၊ စစ်ဘက်ဆိုင်ရာ မင်္ဂလာဒုံ ဆေးတက္ကသိုလ်မှ အရာရှိနှစ်ဦးဖြစ်သည့် ဗိုလ်ကြီး ရဲရင့်ဆွေကို အွန်လိုင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စော်ကားသည်ဟုဆိုကာ စစ်ဘက်ဆိုင်ရာတရားရုံးမှ သေဒဏ် ချမှတ်ခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး အောင်ခန့် ကိုလည်း တပ်တွင်းသတင်းပေးဟုဆိုကာ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

တပ်မတော်ဆေးတက္ကသိုလ်ဖြစ်သည့် စစ်ဘက်ဆိုင်ရာ မင်္ဂလာဒုံ ဆေးတက္ကသိုလ်မှ အပတ်စဉ် (၁၆)ဆင်း၊ ဆေးပညာမဟာသိပ္ပံ  (M.Med.Sc) ဒုတိယနှစ် ဘွဲ့လွန် တက်ရောက်နေသည့် စစ်ဆေးဆရာဝန် ဗိုလ်ကြီးရဲရင့်ဆွေ ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို စော်ကားသည့် အသုံးအနှုန်းများ လူမှုကွန်ရက်တွင် ရေးသားသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ယခုလ ဩဂုတ်လ အတွင်း အမြင့်ဆုံး သေဒဏ် ချမှတ်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

“ယခင် စစ်ဆေးက သင်တန်းဆင်းပြီးသား ဗိုလ်ကြီးအဆင့် ဆေးဗက တဦးက မင်္ဂလာဒုံစစ်ဆေးမှာ သင်တန်းတက်နေတုန်း လိုင်းပေါ်စာတွေတင်လို့ပါ။ တန်းမြှင့်သင်တန်း ဥပမာ ပရော်ဖက်ဆာဘွဲ့အတွက် သင်တန်းလာတက်နေတာကိုပြောတာပါ” ဟု သတင်းရင်းမြစ်က ပြောသည်။

ထိုသတင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီခြားအတည်ပြုနေဆဲ ဖြစ်သည်။
 

အလားတူ ယခု ဩဂုတ်လအတွင်း၌ပင် တပ်မတော်ဆေးတက္ကသိုလ် အပတ်စဉ်(၄)ဆင်း ဒုတိယဗိုလ်မှူးကြီး အောင်ခန့် ကို တပ်တွင်းသတင်းပေးဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် ၄၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

လက်ရှိတွင် စစ်အာဏာသိမ်းမှုကို လက်မခံသည့် စစ်သားနှင့် တပ်မိသားစု များစွာရှိနေပြီး စစ်ကောင်စီ၏ တင်းကျပ်သည့် ထိန်းချုပ်မှုများကြားမှ တပ်တွင်းပုန်ကန်မှုများ၊ တပ်ပြေးများ များစွာဖြစ်ပေါ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly