အိန္ဒိယနှင့် မူဝါဒနယ်ပယ်များညှိနှိုင်းဆောင်ရွက်ခြင်းကြောင့် ဆက်ဆံရေးအဆင့်သစ်သို့ရောက်ရှိလာကြောင်း  အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ပြောကြား 

အိန္ဒိယနှင့် မူဝါဒနယ်ပယ်များညှိနှိုင်းဆောင်ရွက်ခြင်းကြောင့် ဆက်ဆံရေးအဆင့်သစ်သို့ရောက်ရှိလာကြောင်း  အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ပြောကြား 

အမေရိကန်-အိန္ဒိယတို့သည်  မူဝါဒနယ်ပယ်အားလုံးတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် အဆင့်သစ်သို့ ရောက်ရှိနေပြီဟု အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ကက်သရင်းတိုင်က ပြောကြားသည်။ 

“အမေရိကန်ဟာ အိန္ဒိယနဲ့ ကုန်သွယ်မှုဆက်ဆံရေးမှာ အလားအလာရှိနိုင်တယ်ဆိုတာ မြင်တွေ့နေတာကြာပါပြီ။ ဘယ်လိုစကိုင်တွယ်ရမလဲဆိုတာ မသိခဲ့ရုံပါ။ ကျွန်မရှေ့မှာတာဝန်ယူသွားသူအတော်များများက ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီး စိတ်ပျက်စရာအနည်းငယ် ကြုံတွေ့ခဲ့ကြပါတယ်။ ဆန္ဒမရှိလို့ ဒါမှမဟုတ် ကြိုးစားချင်စိတ်မရှိလို့ မဟုတ်ပါဘူး။ ဒီနေ့မှာတော့ ဒီဆက်ဆံရေးဟာ အဆင့်သစ်ကို ရောက်ရှိနေပါပြီ” ဟု ကက်သရင်းတိုင်က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပသော B20 စီးပွားရေးထိပ်သီးဆွေးနွေးပွဲ၏ သီးသန့်တွေ့ဆုံခန်းတွင် CNBC မှ ဂျာနစ်လစ်မာတင်ဆူးကို ပြောခဲ့သည်။ 

အမေရိကန်နှင့် အိန္ဒိယသည် ယခင်ကထက် ယခုအချိန်တွင် ပိုမိုနီးကပ်လာကာ အဆိုပါဆက်ဆံရေးက ပိုမိုခိုင်မာလာစေနိုင်သည်။ 

နှစ်နိုင်ငံသည် သစ်ကြားသီးနှင့် ပန်းသီးကဲ့သို့သော အမေရိကန်ထုတ်ကုန်အချို့နှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေး (WTO) အငြင်းပွားမှုများကို ရပ်တန့်ရန် ဇွန်လတွင် သဘောတူခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ၏ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ ဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံစဉ် ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

အခွန်စည်းကြပ်မှုကိစ္စများသည် နှစ်ပေါင်းများစွာ ကြန့်ကြာနေပြီး ထိုအငြင်းပွားမှုများကို အပြီးသတ်ရန် သဘောတူညီမှုရရှိပြီးပြီဟု တိုင်က ဆိုသည်။ 

“နှစ်နိုင်ငံစလုံး၏ ပေါင်းစည်းမှု ပိုမိုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရန် အမေရိကန်၏ ကုန်သွယ်ရေးသဘောတူညီချက်များအက်ဥပဒေမှ အသိအမှတ်ပြုသည့်နိုင်ငံဖြစ်ရန် အိန္ဒိက စိတ်ဝင်စားကြောင်း မိုဒီက ဇွန်လတွင် ပူးတွဲထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။ 

အစဉ်အလာလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်သည် အထူးသဖြင့် လျှော့ပေါ့ပေးသောကုန်သွယ်ရေး၌ တချို့သောရည်မှန်းချက်များကို ဖြည့်ဆည်းပေးရာတွင် အလုပ်ဖြစ်သော်လည်း ထိုမူဘောင်သည် ဆုံးရှုံးနစ်နာမှုများလည်း ရှိကြောင်း တိုင်က ပြောသည်။ 

အမေရိကန်သည် အိန္ဒိယနှင့်ဆက်ဆံရေးတွင် ကွဲပြားခြားနားသော နှစ်ဦးနှစ်ဖက်အကျိုးရှိသည့်ရလဒ်ကို ရှာဖွေနေကြောင်းနှင့် အချင်းချင်း ဖြည့်ဆည်းပေးကာ နှစ်နိုင်ငံစလုံး ပိုမိုလုံခြုံပြီး ကြံ့ကြံ့ခံနိုင်စေမည့်နည်းလမ်းနှင့် စက်မှုထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်မည့်နည်းလမ်းတို့ကို ရှာဖွေနိုင်လိမ့်မည်ဖြစ်ကြောင်း  အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်က ပြောသည်။ 

“အိန္ဒိယဟာ ဒီရည်ရွယ်ချက်တွေအတွက် အလွန်ထူးခြားပြီး လိုက်လျောညီထွေဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်နိုင်တယ်လို့ ကျွန်မထင်ပါတယ်။ အတူတကွလျှောက်လှမ်းလို့ရတဲ့နေရာတွေအတွက် သေချာပေါက် စောင့်မျှော်နေပါတယ်” ဟု တိုင်က ဆိုသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly