နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ ဩဂုတ် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ ဩဂုတ် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာသည့် မျိုးဆက်အသီးသီး၏ ဆွေးနွေးအကြံပြုချက်များကို အလေးထား ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ NUG သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဩဂုတ် ၂၆ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံတွင် ပြောသည်။ 

  • ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ် နှင့် ဖြူးမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်၏ တပ်စခန်းကို  တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်က ဗိုလ် ၁ ဦး အပါအဝင် ရန်သူ တပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ရုံးချုပ်မှ သြဂုတ် ၂၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း ၊ ရေစကြိုမြို့နယ် ၊ ဂွေးချိုရွာတွင် နေထိုင်သည့် ဒေသခံ ပျူစောထီးတပ်ဖွဲ့ဝင် ၆ ဦးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရန်သူ လက်ပါးစေ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ် က သြဂုတ် ၂၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ 

  • ဒီမိုကရေစီအခြေခံမူများ လူ့အခွင့်အရေးစံတန်ဖိုးများ နှင့် လူသားချင်း စာနာထောက်ထားမှု များကို လေးစားတန်ဖိုးထားသည့် နိုင်ငံတကာအသိုင်းအဝိုင်းက အစိုးရအသီးသီးအနေနှင့်လည်း တီမောလက်စတေးနိုင်ငံလိုမျိုး မြန်မာပြည်သူလူထုနှင့် အတူရပ်တည်ပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်း ပြန်လည်ရောက်ရှိရေးအတွက် ကူညီ့ပံ့ပိုးမှုများ ပြုလုပ်ပေးကြရန် NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။ 

  • နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က နိုင်ငံခြားရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များ ရှေ့လုပ်ငန်းစဉ်များ နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။ 

  • နှစ်သောင်းတန်ငွေစက္ကူကို သုံးစွဲပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ သွားမည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။ 

  • ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ ပညာရေးကော်မတီ နှင့် ကချင်ပြည်နယ်အတွင်းက မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များ ဩဂုတ် ၂၆ ရက်၊ နံနက် ၁၀ နာရီခန့်က တွေ့ဆုံခဲ့ကြပြီး မြေပြင်တွင် ဆောင်ရွက်နေကြသည့် ပညာရေးကဏ္ဍနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

  • ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၁၃ တပ်ရင်း တပ်ဖွဲ့ဝင် ရဲဘော်များ၏ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၇ ရက်၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ဩဂုတ် ၂၅ ရက်၊ ညပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

  • အလယ်ပိုင်းတိုင်း တော်လှန်ရေး မဟာမိတ်များ တပ်ပေါင်းစု၏ စစ်သင်တန်းဆင်းပွဲကို သြဂုတ် ၂၇ ရက်တွင် တောတွင်းတစ်နေရာရှိ ဗဟိုဌာနချုပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • အရှေ့တီမောသံရုံး နှင့် သံတမန်များကို မြန်မာနိုင်ငံက ထွက်ခွာသွားရန် ထုတ်ပြန်သည့် စစ် ကောင်စီ၏ လုပ်ရပ်ကို အရှေ့တီမောအစိုးရက ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို ဩဂုတ် ၂၈ ရက်က အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ထိုးနေသောကြောင့် ကျေးရွာ ၁၅ ရွာမှ ပြည်သူများ ထပ်မံတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ် အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား ကင်းထောက်နေသည့် ရပ်ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံတစ်ဦးသည် ဩဂုတ် ၂၈ ရက်၊ နံနက်ပိုင်းက စစ်အုပ်စုပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ကာ ကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ပြည်သူ့အားမာန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ''ကြေးနီ သတ္ထုတွင်း အကြောင်းပြု လူသတ်ပွဲ တွေလုပ်နေတာ ချက်ခြင်းရပ်'' စာတန်း ကိုင်ဆောင်ကာ ဩဂုတ် ၂၈ ရက်တွင် စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဩဂုတ် ၂၇ ရက်၊ မွန်းလွဲပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းကို ဦးစီးရန် ရောက်ရှိနေသည့် ၃ ပွင့်ဗိုလ် တစ်ဦး အပါအဝင် ၁၇ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် နဂါးနီ တပ်ရင်းမှ ဒုတပ်ရင်းမှူးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောနယ်မြေရဲစခန်းကို ဩဂုတ် ၂၇ ရက်၊ ညနေ ၆ နာရီခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း Bagan Orge Force - ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ဩဂုတ် ၂၇ ရက်က အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးနိုင်ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အခြေစိုက် တပ်ဖွဲ့တစ်ခုဖြစ်သည့် ကျောက်လုံးကြီး KLG တပ်မဟာက တပ်ရင်းများ၌ လိုအပ်လျက်ရှိသော ကျည်များ ဖြည့်တင်းနိုင်ရန် “ပွဲဆက်ကဖို့ နှုတ်ခမ်းနီ ထောက်ပို့" ကမ်းပိန်း ပြုလုပ်လျက်ရှိ မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ပေးကြ ပါရန် ကျောက်ကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရဲတပ်ရင်း ၈ ကို ဩဂုတ် ၂၇ ရက်၊ ည ၇ နာရီကျော်ခန့်က ဗုံးခွဲတိုက်ခိုက်ရာ ရဲ  ၁ ဦးဒဏ်ရာရရှိပြီး နွေဦးအောင်လံစစ်ဆင်ရေး အမည်ဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း KMD18- အမဲလိုက်သမား (Hunter Unit) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

  • မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဒေါင့်အိုင်ကျေးရွာအနီး တောတွင်းတစ်နေရာ၌ ဩဂုတ် ၂၅ ရက်၊ ညနေပိုင်းက PDF တပ်ဖွဲ့သတင်းလိုက်လံစုံစမ်းရင်း ပစ်ခတ်ခံရသည့် ၂ ပွင့်ဗိုလ် ကောင်းမြတ်ဇော် သေဆုံးသွားပြီဖြစ်ကြောင်း Wundwin Township Revolution Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ၊ တွင်းငယ်ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီ၏ သပိတ်ကျင်းအခြေစိုက်အမှတ် (၂) စစ်အခြေခံလေ့ကျင်းရေးတပ်အနီးဂိတ်စခန်းကို PDF များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရန်သူ၏ ဂိတ်စောင့် ရဲ ၁ ဦး သေဆုံးပြီး၊ ၁ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ပြင်ဦးလွင်ခရိုင် ပကဖက ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ 

  • မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ဩဂုတ် ၂၇ ရက်၊ ညနေပိုင်းက အကြမ်းဖက်စစ်တပ်က လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းက တရားဝင် သတင်းထုတ်ပြန်သည်။ 

  • တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် ဩဂုတ် ၂၂ ရက်က မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၃ ဦးကို ပကဖ အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ သြဂုတ် ၂၈ ရက်တွင် ကိုသက်လွင် လှူဒါန်းပေးသော ဆန် နှင့် ဆီ တို့ကို ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင် အမြန်လမ်းမပေါ်  အင်္ဂဘိုကျေးရွာ၊ ဒေါင်း တောင်ကုန်း အနီး၌ ဩဂုတ် ၂၇ ရက်၊ မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ဩဂုတ် ၂၇ ရက်၊ မွန်းလွဲပိုင်းက အကြမ်းဖက် စစ်တပ်က ပြည်သူများ အသုံးပြုနေသည့် လမ်းပိုင်းကို ဖျက်ဆီးရန် လာရောက်စဥ် TNLA တပ်ဖွဲ့ နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း PSLF/TNLA သတင်း နှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ 

  • ချင်းပြည်နယ်၊ ထန်တလန်မြို့ အခြေစိုက် ခလရ(၂၆၉)စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်း တပ်ဖွဲ့က ယနေ့ ဩဂုတ် ၂၈ ရက်၊ နံနက်ပိုင်းမှ စ၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံမှ သိရသည်။ 

  • ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ဩဂုတ် ၂၆ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat ထံမှ သိရသည်။ 

  • ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်သိမ်းယူခဲ့သည့် လက်ခတ်တောင်ကို  သာသနာ့ နယ်မြေအဖြစ် သတ်မှတ်ပြီး စစ်စခန်းအဖြစ် အသုံးမပြုပါက တပ်ပြန်ရုပ်ပေးမည်ဟု ကော်ဘရာစစ်ကြောင်း၏ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခုကို KNLA၊ Cloud Wings၊ SOG ဒရုန်းအဖွဲ့က ပူးပေါင်းပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား ၅ ဦး သေဆုံးခဲ့သည်ဟု Cloud Wings က ယမန်နေ့က ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံသို့ လူဦးရေနှင့်အချိန်အကန့်အသတ်ဖြင့် ပြန်လည် တက်ရောက်ကြည်ညိုခွင့်ပြုနိုင်ရန် သုံးသပ်နေသည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ် ၂၇ ရက်က မန္တလေးတိုင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊မြို့ဖများ၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင် နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဥ် ပြောကြားခဲ့သည်။ 

  • စစ်ကောင်စီ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုးအောင်၏ ရာထူးတာဝန်ကို အစားထိုး တာဝန် ပေးအပ်လိုက်ခြင်း နှင့် ယူနိုက်တက်အမရာဘဏ်(UAB)ကို စစ်ဆေးမှုများ လုပ်ဆောင် နေ ကြောင်း သတင်းထွက်ပေါ်နေသည်မှာ မှန်ကန်မှု မရှိကြောင်း စစ်ကောင်စီက ယမန်နေ့က ထုတ်ပြန်ထားသည်။ 

  • မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ဒေါက်တာ ရီအေး၊ ဦးတင်မြင့် နှင့် ဒေါက်တာ လှညွန့်တို့ သုံးဦးကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီက ဩဂုတ် ၂၆ ရက်က ထုတ်ပြန်ထားသည်။ 

  • မြန်မာနိုင်ငံမှ ထွက်ရှိသည့် နိုင်ငံတကာ အဆင့်မီကော်ဖီများကို နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန် လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။ 

  • စည်းကမ်းမဲ့ မီးနီ ၃ ကြိမ် ဖြတ်မောင်းသည့် YBS ယာဉ်မောင်းများကို ရာသက်ပန် ထုတ်ပယ် သည့်အထိ အရေးယူ သွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။ 

  • ယခုနှစ်ကစပြီး ဆေးဝါးစက်ရုံ(အင်းစိန်)ကနေ မြွေအဆိပ်ဖြေဆေး အလုံးရေ နှစ်သိန်းကျော်ထိ နှစ်ဆတိုးမြှင့် ထုတ်လုပ်သွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ဆေးဝါးလုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ခိုင်က ပြောသည်။ 

ဩဂုတ် ၂၈ ရက် သုံးသပ်ချက် 

  • ရှမ်းမြောက် နှင့် ချင်းဒေသတို့တွင် စစ်ကောင်စီတပ် နှင့် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီတပ် အထိနာဖွယ် ရှိသည်။ 

  • နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီကို တရားဝင် အသိအမှတ် မပြုဘဲ တီမောနိုင်ငံလို မြန်မာပြည်သူများနှင့် အတူရပ်တည်ပေးပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်အောင် ပံ့ပိုးကူညီပေးမှုများ လုပ်ဆောင်ပေးရန် လိုအပ်နေသေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly