မိုက်ကယ်ကျော်မြင့်က ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီ ဆဲခြင်းမဟုတ်၊ ၎င်း အိမ်မွေးခွေးကို ပြောခြင်းဟုဆို 

By ကီရာ (မဇ္ဈိမ)
28 August 2023
မိုက်ကယ်ကျော်မြင့်က ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီ ဆဲခြင်းမဟုတ်၊ ၎င်း အိမ်မွေးခွေးကို ပြောခြင်းဟုဆို 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှုသုံးမှုဖြင့်တရားစွဲဆိုခြင်းခံထားရသော အစွန်း ရောက်လူမျိုးဘာသာရေးဝါဒီ မိုက်ကယ်ကျော်မြင့်က ၎င်းအနေဖြင့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီကို ဆဲဆို ခြင်းမဟုတ်ဘဲ ၎င်း၏ အိမ်မွေးခွေးလေးကိုသာရည်ညွှန်းခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမကိုပြောသည်။ 

“ကျွန်တော်မှာက ခွေးလေးတကောင်မွေးထားတယ် ခင်ရီပေါ့။ ကျွန်တော်က အဲဒီနေ့က အပြင်ကပြန်လာ တော့ ခွေးလေးနှစ်ကောင်ပေါ့ နိုနိုရယ် ခင်ရီရယ် မွေးထားတာ။ အဲ့ဒါကို ကျွန်တော်က လှမ်းခေါ်တဲ့အချိန် မှာ နိုနိုကပဲလာပြီးတော့ ခင်ရီပေါ့ ဒီခွေးလေးကမလာလို့ ဟျောင့် ခင်ရီ မင်းကို ငါခေါ်ရင် မင်းက အမြီး ယမ်းပြရမှာလေလို့ ကျွန်တော်က ဒီလိုလေး ရေးလိုက်တာ။ ကျွန်တော်တို့ သားအဖနှစ်ယောက်ကြားထဲက သံယောဇဉ်ကို ဖော်ကျူးလိုက်တာပါ။ အဲဒီတော့ ခင်ရီလို့ပြောလိုက်တာ ဘယ်လိုဖြစ်လို့ ကြံခိုင်ရေးဥက္ကဋ္ဌ ဖြစ်သွားရတာလဲမသိဘူး။ ဗမာပြည်မှာ ခင်ရီဆိုတာက ခွေးနာမည်ရှိသလို လူနာမည်တွေလည်း အများ ကြီးပဲလေ။ ကျွန်တော်ရေးလိုက်တာက ခင်ရီပဲရေးလိုက်တာကို ဘယ်လိုဖြစ်လို့ ကြံခိုင်ရေးဥက္ကဋ္ဌဆိုပြီး တပ်လည်း ကျွန်တော်လည်း မသိဘူး” ဟု မိုက်ကယ်ကျော်မြင့်က ၎င်း၏အိမ်မွေးခွေးလေးကို အွန်လိုင်းမှ တဆင့်ပြသ၍ မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က မိုက်ကယ်ကျော်မြင့်က ၎င်း၏လူမှုကွန်ရက်မှတဆင့် အနီရောင်နောက်ခံဖြင့် “ဟျောင့် ခင်ရီ ငါက မင်းနာမည်ကိုခေါ်ရင် မင်းကဖင်မြီးယမ်းပြရမှာ မဟုတ်လား”ဟူ၍လည်းကောင်း “ ငါ မိုက်ကယ်ကျော်မြင့် ဟျောင့် ခင်ရီ မင်းကို …..ပဲထင်တယ်ကွာ” ဟူ၍ လည်းကောင်း ရေးသားခဲ့သည်။

အဆိုပါရေးသားမှုနှင့်ပတ်သက်၍ စစ်လော်ဘီတဦးဖြစ်သူ စစ်သွေးဇာနည်က “ ပြည်ခိုင်ဖြိုးပါတီ ဦးခင်ရီ အား အနီရောင်ဖြင့် မဖွယ်မရာရေးသားတင်ခဲ့သောပိုစ့်ကို ပြည်ခိုင်ဖြိုးပါတီမှ အမှုဖွင့်မည့်သတင်း ကြားသိ သွားသဖြင့် ၎င်းတင်ထားခဲ့သည့် အနီရောင်ပိုစ့်နှစ်ခုအား ကြောက်လန့်ပြီး ပြန်ဖြုတ်သွားကြောင်း သိရှိရ။ မင်းပြန်ဖြုတ်သွားပေမယ့် ပြည်ခိုင်ဖြိုးက SS ယူထားပြီးဖြစ်။ အော် ဒီကောင် အတော်ကြောက်တတ်ပါ လား။ ဟျောင့် ဖင်မြီးယမ်းပြရမှာ မင်းဟ” ဟု ဖေ့စ်ဘွတ်တွင် တုံ့ပြန်ရေးသားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ မဟာမိတ်များဖြစ်ကြသော မိုက်ကယ်ကျော်မြင့်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီတို့အကြား မတ်လကတည်းကပင် တရားစွဲဆိုမှုများနှင့် တိုင်ကြားမှုများရှိခဲ့ကြသည်။ ကြံ့ခိုင်ရေးပါတီ၏ဗဟိုကော်မတီဆုံးဖြတ်ချက်ဖြင့် ဆက်သွယ်ရေးပုဒ်မ ၆၆(က)ဖြင့်  ရန်ကုန်တိုင်း မရမ်း ကုန်းမြို့မရဲစခန်းတွင် တမှုနှင့် နေပြည်တော်တွင် နှစ်မှုဖွင့် တရားစွဲထား၍ မိုက်ကယ်ကျော်မြင့် တရားရင် ဆိုင်နေရသည်။

မိုက်ကယ်ကျော်မြင့်ဘက်မှလည်း ကြံ့ခိုင်ရေးပါတီအနေဖြင့် မှတ်ပုံတင်ထားသောအဆင့်တွင် တရားဝင် နိုင်ငံရေးပါတီအနေဖြင့် လိမ်လည်ပြောဆိုသည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီနှင့် ဗဟိုကော်မတီ အဖွဲ့ဝင်များအား အမှုဖွင့်ဆောင်ရွက်ပေးရန် နေပြည်တော် ဒဏ္ခိဏသီရိမြို့မရဲစခန်းသို့ ဧပြီ ၁၉ ရက်က ပေးပို့တိုင်ကြားခဲ့သော်လည်း ရဲက အမှုလက်ခံရန် ငြင်းဆန်သည်။

“ရဲစခန်းမှာ အမှုမှတ်တမ်းအနေနဲ့ပဲရှိနေတဲ့သဘောပဲ Action တော့ မကြားရသေးဘူး။ အကယ်၍ ကျွန်တော်တို့ တရားရုံးကိုရောက်ပြီဆိုရင်တော့ ကျွန်တော်အမှုတွေစပြီဆိုရင်တော့ ကျွန်တော်က ရဲစခန်း မှာ တိုင်တာကတိုင်တာပဲ သူတို့ကို တရားရုံးမှာလည်း ကျွန်တော်က အမှုဖွင့်တော့မှာပဲ” ဟု မိုက်ကယ် ကျော်မြင့်က ပြောသည်။

စစ်အုပ်စု၏အာဏာသိမ်းခံခဲ့ရသော အရပ်သားအစိုးရလက်ထက်က မိုက်ကယ်ကျော်မြင့်သည် အစ္စလာမ် ဘာသာဝင်များကို ပစ်မှတ်ထား၍ ဘာသာရေးအကြောင်းပြ ဆူပူမှုကြောင့် ထောင်ဒဏ်ကျခံဖူးသူတဦး ဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် တိုင်းပြုပြည်ပြုကျောက်တိုင် တည်ထောင်ပေးအပ်မည် ဟု ကြွေးကြော်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

မိုက်ကယ်ကျော်မြင့်က သူ့အနေဖြင့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီကို ဘယ်တော့မှမကြောက်ဟု ဆို သည်။

“ကျွန်တော်ပြောတဲ့ ခင်ရီဆိုတာက ခွေး ခင်ရီကိုပြောတာ ကြံ့ခိုင်ရေး ဥက္ကဋ္ဌ ခင်ရီကို ပြောတာမဟုတ်ဘူး။ ကျွန်တော်ပြောတဲ့ခင်ရီက ကြံ့ခိုင်ရေး ဥက္ကဋ္ဌ ခင်ရီကိုပြောတာဆိုရင် ကျွန်တော်သမီးပါ သိက္ခာကျတယ်။ ကျွန်တော်မပြောပါဘူး အဲဒီလို။ ပြီးတော့ မြန်မာပြည်ထဲမှာ ကျွန်တော်အသက်သေဆုံးတဲ့အထိ မကြောက် မှာကတော့ ကြံ့ခိုင်ရေးပါတီပါတယ် ဦးခင်ရီပါတယ်”ဟု ၎င်းက ဆိုသည်။

စာတည်း။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly