မြင်းမူတွင် စစ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်

By ရောင်နီ (မဇ္စျိမ)
28 August 2023
မြင်းမူတွင် စစ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း(၁) (နဂါးနီတပ်ရင်း)က မဇ္ဈိမကို ပြော သည်။

မြင်းမူမြို့နယ် ထီးဆောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၈ နာရီ၀န်းကျင်က ဒရုန်းနှစ်စီးဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

“ဒရုန်းနှစ်စီးအသုံးပြုပြီး ခြောက်ကြိမ်ပျံသန်းခဲ့တာ ဖြစ်ပါတယ်၊ တိုက်ခိုက်မှုမှာ ဗုံးသီး ၁၁ လုံး ချနိုင်ခဲ့ပါ တယ်” ဟု ကျောက်ဆည်နဂါးနီတပ်ရင်းတာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် ထီးဆောင်ကျေးရွာစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ခန့် ကတုတ် ကျင်းများတူးကာ စခန်းချနေထိုင်နေခြင်းဖြစ်ကြောင်း  ၎င်းက ဆိုသည်။

ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၁၀ ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်ဆည်နဂါးနီတပ်ရင်းတာဝန်ရှိသူက ပြောသည်။

“ပထမတကြိမ်မှာတော့ လက်နက်ငယ်နဲ့ အနည်းငယ် ပြန်ပစ်ခတ်တာ ရှိပါတယ်၊ နောက်ပိုင်းမှာတော့ လုံး၀ပြန်မပစ်နိုင်တော့ပါဘူး၊ ဗုံးသီး ၁၁ လုံးချ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ကျောက်ဆည်နဂါးနီတပ်ရင်းက ပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို တိကျသည့်သတင်းရင်းမြစ်များထံမှရရှိထားခြင်းဖြစ်ကြောင်းလည်း တပ်ဖွဲ့တာ၀န်ခံက  ပြောသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအပေါ် မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့၊  ကျောက်ဆည်ခရိုင် တပ်ရင်း (၁) (နဂါးနီ တပ်ရင်း)၊ ရွှေဘိုခရိုင် တပ်ရင်း (၁၅) ၊ ဆားတောင်မိုးကြိုး (Local PDF)၊ မိုးညို (Local PDF)၊ lighting drone force နှင့် အောင်သပြေညီနောင် (မြင်းမူ Local PDF) တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly