အလုပ်သမားအခွင့်အရေး ကာကွယ်ရန်နှင့် ကုန်ဈေးနှုန်း ထိန်းချုပ်ရန် ထိုင်းအစိုးရသစ်ကို တိုက်တွန်း

အလုပ်သမားအခွင့်အရေး ကာကွယ်ရန်နှင့် ကုန်ဈေးနှုန်း ထိန်းချုပ်ရန် ထိုင်းအစိုးရသစ်ကို တိုက်တွန်း
Customers walk at Bobae Market in Bangkok. (Photo: Somchai Poomlard)

ထိုင်းနိုင်ငံတွင် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ရေးအတွက် အာရုံစိုက်ရန်နှင့် အနိမ့်ဆုံးတရက်လုပ်ခကို ဘတ် ၆၀၀ သို့ တိုးမြှင့်မပေးမီ ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေး ဖြေရှင်းနည်းလမ်းတစ်ခု ရှာဖွေရန် အလုပ်သမားအရေး ဆောင်ရွက်သူများက အစိုးရသစ်ကို တိုက်တွန်းလျက် ရှိသည်။

ရွေးကောက်ပွဲ မဲဆွယ်စဉ်က ဖျူထိုင်းပါတီသည် နိုင်ငံ၏ တရက် အနိမ့်ဆုံးလုပ်ခကို ဘတ် ၆၀၀ သို့ တိုးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် ဘွဲ့ရအလုပ်သမားများအတွက် လစာအာမခံချက်အဖြစ် တလလျှင် အနိမ့်ဆုံး ဘတ် ၂၅,၀၀၀ ရစေရမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

သို့သော် လက်ရှိတွင် ပါတီသည် အစိုးရသစ်တရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်ရာ အစိုးရသစ်အနေဖြင့် နိုင်ငံတွင် လူမှုဘဝဖူလုံရေး အကျိုးကျေးဇူးများ ရရှိနိုင်ခွင့်ကို တိုးတက်စေရေး အာရုံစိုက်လုပ်ဆောင်ရန် လိုအပ်သည်ဟု အလုပ်သမားအရေး ထောက်ခံသူများက ပြောသည်။

ထိုင်းအစိုးရသစ်အနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ၎င်းတို့၏ အထွေထွေ လူမှုဘဝဖူလုံရေးကို စောင့်ရှောက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရန် လိုအပ်သည်ဟု ထိုင်း အလုပ်သမား စည်းလုံးညီညွတ်မှု ကွန်ဖက်ဒရေးရှင်း၏ ဒုဥက္ကဋ္ဌ ချာလီ လွိုင်ဆွန်းက ပြောသည်။

ထို့ပြင် အစိုးရအနေဖြင့် နိုင်ငံတွင် ဝင်ငွေနည်းပါးစွာ ရနေသူများကို ထောက်ကူရန် စားကုန်၊ သုံးကုန် ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရေး ပိုမိုအာရုံစိုက်သင့်သည်ဟု ၎င်းက ပြောသည်။တချိန်တည်းမှာပင် ဖျူထိုင်း၏ လုပ်ခလစာ မူဝါဒက အကောင်အထည်ဖော်ရန် ခက်ခဲနိုင်သည်ဟု ထိုင်းအလုပ်သမားပြတိုက်၏ မန်နေဂျာ ဝီချိုင်း နာရာပိုင်ဘူလ်က ပြောသည်။

အလုပ်သမားများ၏ ကျွမ်းကျင်မှုအရည်အချင်းများ တိုးတက်စေခြင်းကို အားပေးမည့် စနစ်တခု ရှိရန် ပိုမို အရေးကြီးကြောင်းနှင့် ယင်းက အပြန်အလှန်အားဖြင့် အလုပ်သမားများ၏ ဘဝ အရည်အသွေးကို ကူညီတိုးတက်စေလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အစိုးရအနေဖြင့် အခြေခံ လုပ်ငန်းများအတွက် ဈေးပေါအလုပ်သမား ရင်းမြစ်တခုအဖြစ် နိုင်ငံကို မြှင့်တင်ခြင်းအပေါ် အာရုံစိုက်ခြင်းထက် အဆင့်မြင့် လုပ်ငန်းများကို လုပ်ကိုင်နိုင်စွမ်းရှိသည့် ကျွမ်းကျင်အလုပ်သမား ရင်းမြစ်တစ်ခုအဖြစ် မြှင့်တင်သင့်ကြောင်း ၎င်းက ပြောသည်။

Tackle rising prices, govt told
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly