မူဆယ်တွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်ပွား 

By ဂျူချန်း (မဇ္ဈိမ)
28 August 2023
မူဆယ်တွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်ပွား 
Photo -TNLA / တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သားနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၌ ယမန်နေ့ ဩဂုတ်လ ၂၇ ရက် မွန်းလွဲပိုင်းတွင်  စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် TNLA တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏တပ်မ(၉၉)၊ ခမရ (၄၂၀)နှင့် မြို့မပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့သည် မူဆယ်မြို့နယ်၊ နမ့်တောင်းနှင့် ပန်ကြုံကျေးရွာကြားရှိ လမ်းမကြီးကို မြေကော်စက်ဖြင့် ဖျက်ဆီးရန် လာရောက်စဉ် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(TNLA) က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

" ဒီလမ်းက TNLA က ခင်းထားတဲ့လမ်းပါ။ စစ်ကောင်စီက ပထမတခါ လာဖျက်ထားပါသေးတယ်။ အခုတခါ ထပ်လာတော့ တိုက်ပွဲဖြစ်တာပါ"ဟု TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ဘက်မှ တဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွားသည်ဟု TNLA ပြန်ကြားရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

နမ့်တောင်းကျေးရွာနှင့် ပန်ကြုံကျေးရွာ လမ်းပိုင်းသည် တရုတ်-မြန်မာ နယ်စပ် ကျင်စန်းကျော့ဂိတ်အထိ လမ်းပေါက်သည်။ ဒေသတွင်းရှိ  နမ့်တောင်း၊ ဟိုနား၊ ပန်ကြုံ၊ ဖာဖိန့် စသည့် ကျေးရွာများမှ ဒေသခံများအပြင် တော်လှန်ရေးအင်အားစုများလည်း  အသုံးပြုကြောင်း သိရသည်။ 

အဆိုပါ လမ်းပိုင်းကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က  မြေကော်စက်များဖြင့် ဖျက်ဆီးခဲ့ရာ  ဩဂုတ်လ ၂၃ ရက်နေ့တွင် TNLAက ပြန်လည်ပြုပြင်ပေးခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တပ်တို့ကြား ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၂၇ ရက်အထိ တိုက်ပွဲ ၁၉ ကြိမ် ဖြစ်ပွားခဲ့သည်။တိုက်ပွဲများအတွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး  စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားကြောင်း  TNLA က ထုတ်ပြန်ထားသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာတည်း ။      ။ အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly