ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း နေရပ်ပြန်နိုင်ရေး ဆက်လက်ပံ့ပိုးမယ်လို့ ကုလ ပြော

By မဇ္ဈိမ 
28 August 2023
ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း နေရပ်ပြန်နိုင်ရေး ဆက်လက်ပံ့ပိုးမယ်လို့ ကုလ ပြော

ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အခြေအနေတွေ ဖန်တီးပေးဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

 “ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတစ်သန်း အပါအဝင် ပြည်တွင်း၊ပြည်ပမှာ ရိုဟင်ဂျာပြည်သူတွေ စစ် ဘေးရှောင်နေရဆဲဖြစ်ပါတယ်” လို့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှ ထွက်ပြေးရတာ ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ အ ခမ်းအနား ထုတ်ပြန်ချက်တစ်ခုမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖလော်ရင် စီယာဆိုတိုနီနိုက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက စနစ်တကျ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှု ကျူးလွန်နေတာတွေရဲ့ အရင်းအမြစ်ကို ရှာဖွေဖေါ်ထုတ်ပြီး ရေရှည်တည်တံ့မယ့် အဖြေရှာနိုင်အောင် သက်ဆိုင်ရာအဖွဲ့အားလုံး ၂ ဆတိုး ပါဝင်ဖြေရှင်းကြဖို့ ကုလအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်ကြောင်း ဖလော်ရင် စီယာဆိုတိုနီနိုကက နယူးရောက် ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွးတာပါ။

ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံက ပြည်သူတွေဟာ လက်ရှိဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကြောင့်ရော မကြာသေးခင်က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုံး ဒဏ်ကြောင့်ပါ ဒုက္ခကြုံနေရဆဲဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ရင်းကို သူတို့သဘောနဲ့သူတို့ ဘေးကင်းစွာ၊ သိက္ခာရှိရှိ ရေရှည်ပြန်နေနိုင်အောင် အခြေနေတွေ ဖန်တီးပေးဖို့ ဆက်ပံ့ပိုးပေး နေကြောင်းလည်း ပြောပါတယ်။

မြန်မာ့အရေး ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သက်ဆိုင်ရာ အဖွဲ့အားလုံးက စုပေါင်းပါဝင်ပြီး ဖြေရှင်းကြဖို့လည်း တိုက်တွန်းပါတယ်။ 

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအ ဝင် ရိုဟင်ဂျာဒုက္ခသည် ၇၅၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာ ၂၄၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အွန်တာရီယို နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (OIDA) ရဲ့ အစီရင်ခံစာတစ်ရပ်က ဖော်ပြပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်နေထိုင်တဲ့ ကော့ဘဇားဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်တွေကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်ခံရမှု ခြောက်နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ နေရပ်အမြန်ဆုံးပြန်နိုင်ရေး၊ မူရင်းနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်ရရှိရေး၊ ဘေးကင်းလုံခြုံရေးနဲ့ ဂုဏ်သိက္ခာအတွက် အာမခံချက်ရရှိရေး ၊ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် ပြန်လည်အသိအမှတ်ပြုရေးနဲ့ နေရပ်ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ထိရောက်တဲ့ အကူအညီတွေ လက်တွေ့ဆောင်ရွက်ပေးရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်မှုတွေမြင့်တက်လာတာကြောင့် အထူးသဖြင့် ရိုဟင်ဂျာ အပါအဝင် လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာ လူသားချင်းစာနာမှုအခြေအနေ ပိုဆိုးရွားလာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ပေးအရေးယူခံရတာကနေ ကင်းလွတ်ခွင့် ရနေတာကို အဆုံးသတ်ဖို့၊ ရိုဟင်ဂျာတွေ အခွင့်အရေးနဲ့ နိုင်ငံသားဖြစ်မှု ပြန်ပေးဖို့ ရှေ့ပြေးအသံအဖွဲ့အပါအဝင် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၃ဝဝ ကျော်ကလည်း တောင်းဆိုလိုက်ပါတယ်။

NUG အစိုးရအနေနဲ့ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်မှုနဲ့ အခွင့်အရေးတွေအပြည့်အဝ ပြန်လည်ပေးအပ်ဖို့၊ NUG အနေနဲ့ စစ်ကောင်စီက ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေး စီမံကိန်းကို ချက်ချင်းရပ်တန့်အောင် ဆောင်ရွက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သက်ဆိုင်ရာ အေဂျင်စီတွေကို တောင်းဆိုပေးဖို့ စတဲ့အချက်တွေကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly