မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ အကြံပြုချက်များကို အလေးထားဆောင်ရွက်သွားမယ်လို့ NUG ပြော

By မဇ္ဈိမ 
28 August 2023
မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ အကြံပြုချက်များကို အလေးထားဆောင်ရွက်သွားမယ်လို့ NUG ပြော

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ မျိုးဆက်အသီးသီးရဲ့ ဆွေးနွေးအကြံပြုချက်တွေကို အလေးထား ဆောင်ရွက်သွားမယ်လို့ NUG သတင်းအချက်အလက် နည်းပညာဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေးတွေနဲ့ပတ်သက်ပြီး မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကို အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့မှာ သြဂုတ် ၂၆ ရက်က ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

အာဏာသိမ်း နှစ်နှစ်ကျော်ကာလ နိုင်ငံတကာမှာရောက်နေတဲ့ ပြည်ပရောက်အင်အားစုတွေကို စုစည်းပြီး ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားသူတွေနဲ့အတူ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကွန်ရက်တစ်ခု ပေါ်ပေါက်လာဖို့ ရည်ရွယ်တယ်လို့ ညီလာခံကျင်းပရေးကော်မတီဝင်က ပြောပါတယ်။

ဒီညီလာခံကို နှစ်ရက်ကြာ ကျင်းပခဲ့ပြီး  မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ပြုတ်ကျရေး နဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့  ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ကြိုးပမ်းမှုတွေ၊ ရည်မှန်းချက်တွေနဲ့ ပူးပေါင်းပါဝင်မှုတွေကို ဒီညီလာခံမှာ အဓိကထားဆွေးနွေးခဲ့တာဖြစ်ပါတယ်။

၂ ရက်ကြာကျင်းပပြီးနောက် ညီလာခံကနေထွက်ပေါ်လာမယ့် တော်လှန်ရေးဦးဆောင် အဖွဲ့အစည်းတွေရဲ့ အားသာချက်အားနည်းချက်တွေကို သက်ဆိုင်ရာအစုအဖွဲ့တွေဆီ အိတ်ပိတ်စာ ပေးပို့ပြီး အပြုသဘောဝေဖန်သွားမယ်လို့ ပြောပါတယ်။

ညီလာခံမှာပါဝင်တဲ့ မျိုးဆက်အသီးသီးရဲ့ဆွေးနွေးအကြံပြုချက်တွေဟာ အလေးထားဆောင်ရွက်သွားရမယ့် အနေအထားဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ပြောကြားထားပါတယ်။‌

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံဟာ တတိယအင်အားစု တည်ဆောက်တာမျိုး မဟုတ်ဘဲ ပြည်သူ့အသံကို အနီးကပ်ဆုံး ချဉ်းကပ်နိုင်ဖို့ ရည်ရွယ်ချက်သာ ဖြစ်တယ်လို့ ညီလာခံ ကျင်းပရေးကော်မတီဝင်တွေက ပြောကြားထားပါတယ်။

ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်တွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကိုယ်စားလှယ်တွေ၊ NLD ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအစုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ ပညာရှင်တွေ၊ မြေပြင် PDF အဖွဲ့တွေ၊ ပြည်ပရောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly