NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ်

By မဇ္ဈိမ 
28 August 2023
NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ်

အရှေ့တီမောနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံလို့ ရန်ကုန်မြို့ သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သံရုံးတာဝန်ခံကို စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာပြည်တွင်းကနေထွက်ခွာဖို့ အကြောင်းကြားခဲ့တာလို့ စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အရှေ့တီမောနိုင်ငံကို NUG နဲ့ မဆက်ဆံဖို့ ဆက်တိုက်သတိပေးနေပေမယ့် အရှေ့တီမောအစိုးရဟာ NUG နဲ့ ထိတွေ့နေပြီး ဒီလုပ်ဆောင်ချက်တွေဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အရှေ့တီမော သံရုံးနဲ့ သံတမန်တွေ ကို မြန်မာနိုင်ငံထဲက ထွက်ခွာသွားဖို့ ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို အရှေ့တီမောအစိုးရ က ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်လို့ ရိုက်တာသတင်းဌာန ကဖော်ပြထားပါတယ်။

သံတမန်နှင်ထုတ်ခံရပေမဲ့ အရှေ့တီမောအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့လည်း လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့၊ လက်ရှိအကျပ်အတည်း ဖြေရှင်းရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ ထပ်မံတိုက်တွန်းထားပါတယ်။

အရှေ့တီမောဟာ မြန်မာ့ ပြဿနာကို အာဆီယံက ကြိုးစား ဖြေရှင်းနေမှုတွေကို ထောက်ခံမှာ ဖြစ်သလို နိုင်ငံတကာ အသိုက်အဝန်းကလည်း အာဆီယံကို ပူးပေါင်း ကူညီစေလိုကြောင်း တောင်းဆိုခဲ့ပါတယ်။ 

ဒါပေမဲ့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတာကိုတော့ ပီပီပြင်ပြင် ရှုတ်ချရမှာဖြစ်ကြောင်း၊ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ ကိစ္စတွေဟာ ယူကရိန်း ကျူးကျော်စစ်ပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ ခြားနားမှု မရှိလှကြောင်း ဟော်တာက ထောက်ပြသွားပါတယ်။

အရှေ့တီမောဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် ဖြိုခွင်းနေတဲ့ လုပ်ရပ်တွေအပေါ် အတိအလင်း ဝေဖန် ကန့်ကွက်ခဲ့သလို မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံက ထိထိရောက်ရောက် ကူညီဖြေရှင်းနိုင်စွမ်း မရှိရင် အာဆီယံ အဖွဲ့ထဲကို ဝင်ရောက်ဦးမှာ မဟုတ်ဘူးလို့ပါ နိုင်ငံရဲ့ ဝန်ကြီးချုပ် ဇာနာနာ ဂူစ်မာအိုက ပြောထားဖူးပါတယ်။

အရှေ့တီမောနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံလို့ ရန်ကုန်မြို့သံရုံးမှာ တာဝန် ထမ်းဆောင်နေတဲ့ သံရုံးတာဝန်ခံကို မြန်မာပြည်တွင်းက ထွက်ခွာဖို့ အကြောင်းကြားခဲ့တဲ့လုပ်ရပ်ကို နိုင်ငံရေး အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အရှေ့တီမောနိုင်ငံရဲ့သမ္မတဖိတ်ကြားချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ တီမောလက်စတေးနိုင်ငံကို သွားရောက်ခဲ့ပြီး အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခဲ့သလို သမ္မတ ဟိုဆေးရားမို့စ်ဟော်တာနဲ့တွေ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားပေးခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် စစ်ကောင်စီက ကြေညာထားခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တန်ပြန်ကြေညာထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly