အိန္ဒိယက ထိရောက်ပြီးယုံကြည်စိတ်ချရသော ကမ္ဘာ့ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရေးအတွက် အရေးပါသောနိုင်ငံဟု ဝန်ကြီးချုပ်မိုဒီပြောကြား

အိန္ဒိယက ထိရောက်ပြီးယုံကြည်စိတ်ချရသော ကမ္ဘာ့ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရေးအတွက် အရေးပါသောနိုင်ငံဟု ဝန်ကြီးချုပ်မိုဒီပြောကြား

အိန္ဒိယသည် ပြဿနာအားလုံးအတွက် အဖြေဖြစ်ပြီး ထိရောက်ပြီး ယုံကြည်စိတ်ချရသော ကမ္ဘာ့ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရေးကို လုပ်ဆောင်ရာတွင် အရေးပါသော နေရာတစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဩဂုတ် ၂၇ တွင်ပြောကြားသည်။

ဝန်ကြီးချုပ်မိုဒီက အိန္ဒိယသည် နယ်စပ်များကိုကျော်လွန်၍ ကာကွယ်ဆေးများကို ပံ့ပိုးပေးနိုင်ခဲ့ပုံနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကမ္ဘာ့ဆေးဆိုင်ဖြစ်လာကြောင်း နယူးဒေလီ၌ ပြုလုပ်သည့် ၂၀၂၃ ခုနှစ် B20 စီးပွားရေးထိပ်သီးအစည်းအဝေး အပိတ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ကိုဗစ်ကပ်ရောဂါကာလအတွင်း ကမ္ဘာ့နိုင်ငံများဆေးဝါးလိုအပ်နေချိန်မှာ အိန္ဒိယဟာ ကမ္ဘာ့ဆေးဆိုင်အနေနဲ့ နိုင်ငံပေါင်း ၁၅၀ ထက်မနည်းကို အသက်ကယ်ဆေးတွေ ပံ့ပိုးပေးခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေက ကိုဗစ်ဆေးလိုအပ်နေတဲ့အချိန်မှာ အိန္ဒိယဟာ တစ်ကမ္ဘာလုံးက တန်ဖိုးရှိတဲ့ လူသန်းပေါင်းများစွာရဲ့အသက်ကို ကယ်တင်ဖို့ ကိုယ်ပိုင်ကာကွယ်ဆေးတွေကို တိုးမြှင့်ထုတ်လုပ်ခဲ့ပါတယ်” ဟု မိုဒီက ပြောသည်။

ဝန်ကြီးချုပ်မိုဒီက စီးပွားရေးလုပ်ငန်းအတွက် ရေရှည်တည်တံ့သောချဉ်းကပ်မှုနည်းလမ်းကို ထောက်ခံအားပေးလျက် ရေရှည်တည်တံ့နိုင်မှုသည်ပင် အခွင့်အလမ်းတစ်ခုနှင့် စီးပွားရေးပုံစံတစ်ခုအဖြစ် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများက နားလည်သင့်သည်ဟု ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်မိုဒီက B20  ဖွင့်ပွဲအခမ်းအနားတွင် Chandrayaan-3 အာကာသယာဉ် လပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်သည့်အကြောင်းနှင့် ပွဲတော်ရာသီ စောစောရောက်ရှိလာပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

“အိန္ဒိယမှာ ရက်ရှည်ပွဲတော်ရာသီကို ရက်ရှေ့တိုးပြီး ကျင်းပလိုက်ပါတယ်။ ပွဲတော်ရာသီမှာ ပြည်သူတွေသာမကဘဲ ကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းတွေလည်း ပွဲလမ်းသဘင်ထဲပဲ နှစ်မြှုပ်ထားပါတယ်။ ဒီနှစ်မှာ ပွဲတော်ကို ဩဂုတ် ၂၃ မှာပဲ စောစောစတင်လိုက်ပါတယ်။ ကျွန်တော်တို့ဟာ လပေါ်ကို Chandrayaan-3  အာကာသယာဉ်ဆင်းသက်တာ အောင်မြင်မှုအတွက် အောင်ပွဲခံနေကြတာပါ” ဟု မိုဒီက ပြောသည်။ 

သုံးရက်ကြာကျင်းပမည့် B20 ထိပ်သီးအစည်းအဝေးကို ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်ခဲ့ပြီး ယခုနှစ် အခမ်းအနားအတွက် ဆောင်ပုဒ်မှာ “တာဝန်ယူမှုရှိသော အရှိန်ရလာသော ဆန်းသစ်တီထွင်မှုရှိသော စဉ်ဆက်မပြတ်သည့် သာတူညီမျှရှိသော စီးပွားရေးလုပ်ငန်းများ (R.A.I.S.E)” ဖြစ်သည်။ ယခုနှစ်အစည်းအဝေးသို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ကိုယ်စားလှယ် ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်။

အိန္ဒိယတွင်ကျင်းပသော B20 ထိပ်သီးအစည်းအဝေးသည် B20 အိန္ဒိယထုတ်ပြန်ကြေညာချက်ကို ချင့်ချိန်ဆွေးနွေးရန် ကမ္ဘာတစ်ဝန်းမှ မူဝါဒချမှတ်သူများ၊ စီးပွားရေးခေါင်းဆောင်များနှင့် ကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြားခဲ့သည်။ ထိုကြေညာချက်တွင်  အကြံပြုချက် ၅၄ ချက်နှင့် G20 သို့ တင်ပြမည့်  မူဝါဒဆိုင်ရာ လုပ်ဆောင်ချက်များ ၁၇၂ ချက် ပါဝင်သည်။

စီးပွားရေးထိပ်သီးဆွေးနွေးပွဲ B20 သည် ကမ္ဘာ့စီးပွားရေးအသိုင်းအဝိုင်းနှင့်ပြုလုပ်သော တရားဝင် G20 ဆွေးနွေးပွဲ ဖိုရမ်ဖြစ်သည်။  ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော B20 သည် G20 တွင် အထင်ရှားဆုံးသော ထိတွေ့ဆက်ဆံမှုအုပ်စုများထဲတွင် အပါအဝင်ဖြစ်ပြီး ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများ ပါဝင်သည်။

B20 သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေးအတွက် ခိုင်မာပြီး အကောင်အထည်ဖော်နိုင်သော မူဝါဒအကြံပြုချက်များကို ပေးရန် လုပ်ဆောင်သည်။

India holds important place for efficient, trusted global supply chain: PM Modi at B20 Summit
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly