စလင်းတွင် စစ်ကောင်စီတပ်က မီးရှို့သဖြင့် ရွာလုံးကျွတ်ပြာကျ

By MTO (မဇ္ဈိမ)
27 August 2023
စလင်းတွင် စစ်ကောင်စီတပ်က မီးရှို့သဖြင့် ရွာလုံးကျွတ်ပြာကျ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျွဲဦးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့သည့်အတွက်  ရွာလုံး ကျွတ် မီးလောင်ပျက်စီးသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်လွဲပိုင်းတွင် ကျွဲဦးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ် ၁၅၀ ခန့်ကိုမီးရှို့ ဖျက်ဆီးသွားခြင်းဖြစ် ကြောင်း စလင်းပကဖတာဝန်ခံ ဗိုလ်ပျံလွှားက ပြောသည်။

“စစ်ကြောင်းထိုးပြီး ရွာထဲမဝင်ခင် တိုက်ပွဲဖြစ်တယ်။ ပြီးတော့ ရွာထဲကိုဝင်ပြီးမီးရှို့တယ်။ ရွာအဖျားက အိမ်တွေကို အရင်ရှို့ပြီး တောအစပ်မှာခိုနေတာ။ ကျနော်တို့ ဝင်ပြီးမီးငြှိမ်းတော့ သူတို့ပြန်ရောက်လာပြီး နောက်ထပ် တိုက်ပွဲဖြစ်တယ်။ အဲ့ဒါလည်းပြီးရော ရွာထဲက အိမ်တွေအကုန်မီးရှို့သွားတာ” ဟု ၎င်းက ဆို သည်။

စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း များပြုလုပ်နိုင်ခဲ့သောကြောင့်  ထိခိုက်ဒဏ်ရာရသူများပြားပြီး သေဆုံးသူများလည်းရှိကြောင်း ဗိုလ်ပျံလွှား  က ဆက်ပြောသည်။

“ သူတို့တလမ်းလုံးလည်း မိုင်းမိလာတာ။ ရွာထဲကတိုက်ပွဲမှာလည်း ကျတော်တို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဦးအောင်တိုက်ခိုက်နိုင်ခဲ့တယ်။ ဒဏ်ရာရသူတွေကို ဖောကားနဲ့လာသယ်ရတယ်လို့ သိထားတယ်။ ၃၀ လောက်ထိခိုက်ဒဏ်ရာရသွားပြီး အဲဒီထဲက ၂၀ လောက်သေတယ်လို့ ကြားတယ်။ အသေးစိတ်တော့ အတည်မပြုနိုင်သေးဘူး” ဟု ပြောသည်။

ကျွဲဦးကျေးရွာသို့ဝင်ရောက်မီးရှို့ချိန်တွင် ဒေသခံများကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးထားပြီးဖြစ်သည့် အတွက် အရပ်သားထိခိုက်မှု တစုံတရာမရှိကြောင်း ဗိုလ်ပျံလွှားက ဆိုသည်။

“သူတို့(စစ်ကောင်စီတပ်) စစ်ကြောင်းထိုးဖို့ အင်အားစုနေပြီဆိုကတည်းက ဒေသခံတွေကို နီးစပ်ရာ တော တွေထဲမှာ ဆောက်ပေးထားတဲ့ စစ်ရှောင်စခန်းတွေကိုပို့ထားတဲ့အတွက် အရပ်သားထိခိုက်တာတော့ မရှိဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် စလင်းမြို့နယ် ငလှိုင်တွင်းရွာတွင် အင်အား ၃၀ ကျော်လခန့်ဖြင့် တပ်စွဲထားပြီး ခလရ (၂၅၃)၊ (၂၅၄)၊ (၂၅၅) တပ်များမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းက စစ်ကြောင်းထိုးလေ့ရှိကြောင်း သိရ သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required