ရွှေဘိုတွင် ပြည်သူ့စစ်အဖွဲ့ မိုင်းဖြင့်တိုက်ခိုက်ခံရ၍ ၄ ဦး ဒဏ်ရာရ

By ပါခွီး (မဇ္ဈိမ)
27 August 2023
ရွှေဘိုတွင် ပြည်သူ့စစ်အဖွဲ့ မိုင်းဖြင့်တိုက်ခိုက်ခံရ၍ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာအနီးတွင် ပြည်သူ့စစ်အဖွဲ့ မိုင်းထောင်တိုက်ခိုက် ခံရမှုကြောင့် လေးဦးဒဏ်ရာရရှိသွားကြောင်း မဟူရာရွှေဘိုသား ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

မြင်းချင်းကျေးရွာအနောက်ဖက်ရှိ ၎င်းတို့ကင်းစောင့်လေ့ရှိသည့်နေရာကို ဖမ်းဆီးရမိထားသော ပြည်သူ့ စစ်အဖွဲ့ဝင်မြင့်လင်း၏ ပြောပြချက်အရမိုင်းထောင်ခဲ့ပြီး ဩဂုတ်လ ၂၆ ရက် နံနက် ၇ နာရီခန့်က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မိုင်းထိလို့ ပြည်သူ့စစ်လေးယောက် ရွှေဘိုဆေးရုံရောက်နေတယ်။ အဲဒီအထဲက ခေါင်းဆောင်ပုဇွန် အခြေ အနေစိုးရိမ်ရတယ်လို့ သိရတယ်” ဟု မဟူရာရွှေဘိုသားအဖွဲ့ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

မြင်းချင်းကျေးရွာမှ ထွက်လာသော ပြည်သူ့စစ် ၁၀ ဦးကို နှစ်နေရာတွင် အသင့်ထောင်ထားသည့် မိုင်းများ ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပုဇွန်အပါအဝင် လေးဦးထိ ခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် နောက်ချန်ကင်းယူနေသူများက လက်နက်ငယ်များဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ပြီး ဒဏ်ရာရရှိသူများကိုဆိုင်ကယ်ဖြင့်တင်ကာ ရွာမှတဆင့် ဆေးရုံသို့ ကားဖြင့်ပို့ဆောင် ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မဟူရာရွှေဘိုသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ ဒေါင်းမာန်၊ ဗိုလ်မဟာ၊ Snake Eyes ၊ ဒေါင်းစစ် သည်၊ HG Fighter ၊ ရွှေဘိုစွန်ရဲ၊ Flying Dragon Force ၊ Bo Ba Taw ၊ ဇေယျာသွေးနှင့် ရွှေဘိုအားမာန် တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဩဂုတ်လ ၂၄ ရက်နေ့က မြင်းချင်းကျေးရွာတောင်ဘက် ဖက်သန်းကုန်းတွင် ကင်းပုန်းဝပ်ရန်လာသည့် ပြည်သူ့စစ်လေးဦးကို မဟူရာရွှေဘိုသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များမှ သတင်းအရ စောင့်ကြိုဖမ်းဆီးရာ ပြည်သူ့စစ်အဖွဲ့ဝင်မြင့်လင်းဆိုသူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ရွှေဘိုမြို့နယ်

#ပြည်သူ့စစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly