ဆန်နှင့် ကြက်ဥ များ ငွေကျပ် ၁၀၀ ဖြင့် ရောင်းမည်

By ကီရာ (မဇ္ဈိမ)
26 August 2023
ဆန်နှင့် ကြက်ဥ များ ငွေကျပ် ၁၀၀ ဖြင့် ရောင်းမည်
ပုံအညွှန်း- Aladdin Men Fashion ဆိုင်တွင် တင်ထားသည့် ကြော်ငြာဓာတ်ပုံ(ဓာတ်ပုံ- လူမှုကွန်ရက်)

ဆန်တစ်ပြည်လျှင် ၁၀၀ကျပ် နှင့် ကြက်ဥ ၁၀လုံးပါ တစ်ကတ်လျှင် ၁၀၀ကျပ် နှုန်းဖြင့်  ဩဂုတ် ၂၇ရက်နေ့ နံနက် ၁၁နာရီမှ စ၍ သက်န်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင်အနီးရှိ Aladdin Men Fashion ဆိုင်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန် ၃၅၀ပြည်နှင့် ကြက်ဥ အလုံး ၂၀၀၀ တို့ကို မကုန်မချင်း ရောင်းချပေးသွားမည်ဖြစ်ပြီး လူတစ်ဦးလျှင် ကြိုက်နှစ်သက်ရာ ပစ္စည်းတစ်မျိုးကို ငွေကျပ် ၁၀၀ဖြင့်  ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါ ရောင်းချပေးမှုနှင့် ပတ်သက်၍ “ အခက်အခဲကာလမှာ ကိုယ့်ထက်ခက်ခဲတဲ့ သူတွေကို တတ်နိုင်တဲ့ဘက်က ကူညီချင်ရုံသက်သက်ပါ”ဟု Aladdin Men Fashion ဆိုင်၏ တာဝန်ရှိသူက ပြောသည်။

ယခု ငွေကျပ်၁၀၀ဖြင့် ရောင်းချပေးခြင်းကို ဂျပန်မှ မိတ်ဆွေတစ်ဦးကကြက်ဥ ၁၅၀၀ မတည်ပေးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောခဲ့ပြီး  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း  ငွေကျပ်၁၀၀ဖြင့် ရောင်းချပေးသည့် အစီအစဉ်ကို နှစ်ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

၎င်းတို့၏ လူမူကွန်ရက် စာမျက်နှာတွင်လည်း နောက်ထပ် ဆက်လက်ရောင်းချပေးနိုင်ရန် လာရောက် ဝယ်ယူမည့်သူများအနေဖြင့် ရုတ်ရုတ်သဲသဲ မဖြစ်ရန်အတွက်  စနစ်တကျ တန်းစီဝယ်ယူပေးရန်လိုအပ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly