တရုတ်တွင် အစိုးရဝန်ထမ်းများ စီးပွားရေးကျဆင်းမှု၏ နောက်ဆုံးသားကောင်ဖြစ်လာ၊ စားသုံးမှုနှင့် ပို့ကုန်သွင်းကုန်ကဏ္ဍပါ ထိခိုက်

By Financial Post
26 August 2023
တရုတ်တွင် အစိုးရဝန်ထမ်းများ စီးပွားရေးကျဆင်းမှု၏ နောက်ဆုံးသားကောင်ဖြစ်လာ၊ စားသုံးမှုနှင့် ပို့ကုန်သွင်းကုန်ကဏ္ဍပါ ထိခိုက်

တရုတ်ကွန်မြူနစ်ပါတီသည် အလုပ်သမားများ၏ ဝင်ငွေကို တိုးမြှင့်ပေးရန်နှင့် အိမ်အသုံးစရိတ် ဖူလုံစေရန် မကြာသေးမီက ကတိပြုခဲ့သော်လည်း အဆိုပါမူဝါဒရည်မှန်းချက်သည် ကြီးမားသော ပြဿနာတစ်ခုဖြစ်သည့် စီးပွားရေးနှေးကွေးမှုကို ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှုနှိမ်နင်းရေး ထိပ်တန်းစောင့်ကြည့်ရေးအဖွဲ့သည် အဆိုပါပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်  ဒေါ်လာ ၅၇ ထရီလီယံတန်ဖိုးရှိ ငွေကြေးကဏ္ဍတွင် အနောက်တိုင်းနေထိုင်မှုပုံစံ ဖြုန်းတီးလက်ဖွာမှုကို ဖယ်ရှားပစ်မည်ဟု ကတိပြုခဲ့သည်။ သို့သော် ရလဒ်မှာ ပြဿနာဖြစ်လာသည်။ 

ဘဏ္ဍာရေးကုမ္ပဏီများနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များသည် ရန်ပုံငွေပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ဝန်ထမ်းများ၏ လစာနှင့်အပိုဆုကြေးများကို ဖြတ်တောက်ခဲ့သည်။ အချို့သော ဆေးရုံများ၊ ကျောင်းများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကလည်း ထိုနည်းအတိုင်း လုပ်ဆောင်ခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် သန်းပေါင်းများစွာသော နိုင်ငံ့ဝန်ထမ်းများသည် လစာများ ဆိုးဆိုးရွားရွားဖြတ်တောက်ခံရကာ တရုတ်ပြည်သူအများအပြားသည် စီးပွားရေးကျပ်တည်းမှု၏ အရင်းအမြစ်အသစ်ကို ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံတွင် တစ်ဖက်သတ် လုပ်အားခဖြတ်တောက်မှုများသည် တရားမဝင်ပေ။ တချို့သော လုပ်ငန်းခွင်များတွင် လုပ်ငန်းစွမ်းဆောင်ရည်ဆိုင်ရာနှင့်တခြားသော အပိုဆုကြေးများပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီး တချို့က ဝန်ထမ်းများကို လစာထုတ်ပေးချိန်နောက်ကျကာ အချိန်ပိုဆင်းခိုင်းမှုများလည်း ရှိသည်။

နိုင်ငံ့ဝန်ထမ်းများအား လစာဖြတ်တောက်ခြင်းအကြောင်းများသည် ၂၀၂၁ ခုနှစ်တွင် မီဒီယာ၌ ပျံ့နှံ့လာခဲ့သည်။ ထိုအချိန်မှစ၍ အစိုးရဝန်ထမ်းအများအပြားသည် လစာဖြတ်တောက်ခံရခြင်းများကို လူမှုမီဒီယာတွင် မျှဝေခဲ့ကြသည်။ ကွမ်တုန်းပြည်နယ်သည် ပြည်သူ့ဝန်ထမ်းများ၏လစာမှ  ၂၅ ရာခိုင်နှုန်းကို ဖြတ်တောက်နေသည်ဟူသော ပို့စ်သည် အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ 

ကွမ်တုန်းဒေသန္တရအစိုးရက ထိုကိစ္စနှင့်ပတ်သက်ပြီး အတည်မပြုခဲ့သလို ငြင်းဆိုခြင်းလည်း မရှိပေ။ ဌာနများစွာသည် ဝန်ထမ်းများကို လစာပေးရန် ချေးငွေယူနေကြရသည်ဟု အစိုးရဝန်ထမ်းများက ပြောသည်။ ထိုမျှမကသေးဘဲ ငွေကြေးအကျပ်ရိုက်နေသော ပြည်နယ်နှင့် ဒေသန္တရာအစိုးရများသည် ပြည်သူပိုင်ကျောင်းများကို လေလံဆွဲခြင်းနှင့် ပင်စင်လစာများကို သိသိသာသာဖြတ်တောက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ပြည်သူများက ထိုဒုက္မများအတွက် တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အပြစ်တင်နေကြသည်။ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များသည် အသွားအလာပိတ်ဆို့မှု၊ အစုလိုက်အပြုံလိုက် ဓာတ်ခွဲစမ်းသပ်မှုနှင့် ဗဟိုချုပ်ကိုင်သော သီးခြားခွဲထားစောင့်ကြည့်မှုများအတွက် ကြီးမားသည့်ကုန်ကျစရိတ်များ၏ဒဏ်ကို ခံစားနေရဆဲဖြစ်သည်။

အမေရိကန်ဗဟိုဘဏ်နှင့် ဥရောပနှင့် အာရှရှိ ဗဟိုဘဏ်များက စံချိန်တင် ငွေကြေးဖောင်းပွမှုကို တည်ငြိမ်စေရန် အတိုးနှုန်းများ မြှင့်တင်ပြီးနောက် တရုတ်၏ ပို့ကုန်ဝယ်လိုအား ကျဆင်းလာခြင်းကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်သည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ဇူလိုင်လတွင် ၁၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ဥရောပ ၂၇ နိုင်ငံသို့ တင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄ ဘီလီယံသာရှိကာ ယမန်နှစ်ကထက် ၃၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပို့ကုန်ကျဆင်းမှုသည် ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက အဆိုးရွားဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုစီးပွားရေးအချက်အလက်များတွင် ဖော်ပြထားသည်။

သွင်းကုန်မှာ ဇွန်လက ၆ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇူလိုင်တွင် အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၂ ဘီလီယံအထိရောက်ရှိကာ ၁၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။  စီးပွားရေးကျဆင်းမှုသည် အလုပ်အကိုင်ဈေးကွက်အပြင် စက်ရုံအလုပ်ရုံများကိုပါ ထိခိုက်ခဲ့ပြီး စီမံချက်များပြင်ဆင်ရန် အာဏာရကွန်မြူနစ်ပါတီကို ဖိအားများတိုးစေခဲ့သည်။

တရုတ်အာဏာပိုင်များသည် စီးပွားရေးအတွက် ရုန်းကန်နေရသဖြင့် အကူအညီတောင်းရန် ပုဂ္ဂလိကဏ္ဍကို အာရုံစိုက်လာသည်။ ခေါင်းဆောင်များသည် စွန့်ဦးတီထွင်သူများအတွက် အထောက်အပံ့ပေးမည့်အလားအလာ ရှိသည်။ သို့သော် အခွန်လျှော့ချမှု သို့မဟုတ် အစိုးရထံမှ အကူအညီအထောက်အပံ့များနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်ခဲ့ပေ။ ကြွေးမြီများကို စီမံခန့်ခွဲရန်နှင့် နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာမှုကို ပံ့ပိုးပေးရန် ဒေသန္တရအစိုးရများ၏စွမ်းရည်အပေါ်  လေ့လာသုံးသပ်သူများက သံသယ ရှိနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly