ရွှေဘိုတွင် ပြည်သူ့စစ်အဖွဲ့ကို PDF တိုက်ခိုက်၊ ၁ဦး အရှင်ဖမ်းမိ

By ပါခွီး (မဇ္ဈိမ)
25 August 2023
ရွှေဘိုတွင် ပြည်သူ့စစ်အဖွဲ့ကို PDF တိုက်ခိုက်၊ ၁ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ဖက်သမ်းကုန်းရွာတွင် ကင်းပုန်းလာဝပ်သည့် ပြည်သူ့ စစ်အဖွဲ့ကို  စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တဦးအရှင်ဖမ်းမိခဲ့ကြောင်း မဟူရာရွှေဘိုသားတပ်ဖွဲ့က ထုတ်ပြန်သည်။

ရွှေဘိုမြို့နယ် မြစ်ချင်းရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်လေးဦးက ကင်းပုန်းဝပ်ရန်လာရောက်စဥ် ဩဂုတ်လ ၂၄ရက် မနက် ၁၁နာရီ ၃၀မိနစ်အချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဖက်သမ်းကုန်းမှာ အမြဲလိုလို ကင်းပုန်းလာဝပ်တာကို အတွင်းလူ(ဖရဲသီး)က သတင်းပေးပို့လာတဲ့အတွက် သွားစောင့်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာပါ” ဟု မဟူရွာရွှေဘိုသားတပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်အဖွဲ့မှမြင့်လင်း ဆိုသူကို အရှင်ဖမ်းမိခဲ့ပြီး သုံးဦးသည် ထွက်ပြေးသွားကြောင်းသိရသည်။မြင့်လင်းအား ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ရွှေဘိုခရိုင်တပ်ရင်း(၄) နှင့် မြင်းချင်းကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့  ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို  မဟူရာရွှေဘိုသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ ဒေါင်းမာန်၊ ဒေါင်းစစ်သည် ၊ Shwebo Federal Army ၊ ရွှေဘိုအားမာန် ၊ ဘိုမဟာ၊ snake Eyes ၊ ရွှေဘိုစွန်ရဲ ၊ ဇေယျာသွေး ၊ Flying Dragon Force ပြည်သူ့ကာကွယ်ရေးမဟာမိတ်ညီနောင်များမှ ပူးပေါင်းလုပ်‌ဆောင်ခဲ့ခြင်းဟု သိရသည်။တော်လှန်ရေးညီနောင်များအနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့၏ ဒေါက်တိုင်များကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ၎င်းတို့က အသိပေးထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly