ဘီးလင်းတိုးဂိတ်အဟောင်းအား တပ်မဟာ(၁)ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲ

By YT (မဇ္ဈိမ)
25 August 2023
ဘီးလင်းတိုးဂိတ်အဟောင်းအား တပ်မဟာ(၁)ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲ
ပုံအညွှန်း- ဘီးလင်းမြို့အဝင် ဆိုင်းဘုတ် (ဓါတ်ပုံ- လူမှုကွန်ယက်)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အကြားရှိ ဘီးလင်းတိုးဂိတ်အဟောင်း (ရွှေသံလွင် မြို့ဝင်ကြေး ဂိတ်အဟောင်း ) အား KNU တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့၊ ပူးပေါင်းစစ်ကြောင်းများက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံနှင့် ဒေသခံထံက သိရသည်။

" အဲ့ဒီနေရာမှာက ၂၀၁၅၊ ၂၀၁၆ လောက်က တိုးဂိတ်ဖွင့်တာပေါ့၊ အခုတော့ အဲ့ဒီနေရာမှာ တိုးဂိတ်ကို ပိတ်ပြီး တိုးဂိတ်က တခြားနေရာကို ရွှေ့သွားတာ။ အဲ့ဒီနေရာမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက စစ်ဆေးရေးဂိတ်ပုံစံမျိုး၊ ပိုက်ဆံတောင်းတဲ့ဂိတ်ပေါ့ဗျာ၊ အဲ့ဒီလိုလုပ်ထားတယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။ 

ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက် ၇ နာရီ ၂၃ မိနစ်အချိန်တွင် ဘီးလင်းတိုးဂိတ်အဟောင်းအား တပ်မဟာ(၁) တပ်ရင်း (၃) တပ်ခွဲ (၂) KNLA၊ PDF၊ တပင်ရွှေထီးစစ်ကြောင်း၊ တောကျီးကန်းစစ်ကြောင်းတို့က ဒရုန်းဖြင့် ဗုံးသီး လေးလုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှု၌ တိုးဂိတ်အတွင်း ဗုံးသီးများ ထိမှန်ပေါက်ကွဲမှုရှိ၍ ဂိတ်အတွင်းရှိ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး၍ တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဂိတ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်၊ ရဲများက တိုးဂိတ် ပတ်ဝန်းကျင်သို့ သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။  

ဘီးလင်းရွှေသံလွင်တိုးဂိတ်အဟောင်းတွင် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပျူစောထီး အယောက် ၃၀ ဝန်းကျင်ဖြင့် အထိုင်ချကာ ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ် နေ့စဉ်သွားလာနေသည့် ယာဉ်ကြီး၊ ယာဉ်ငယ်မရွေး အစစ်အဆေးပြုလုပ်နေပြီး ၎င်းတို့ သံသယဝင်ပါက လက်ကိုင်ဖုန်းအတွင်းရှိ ဓာတ်ပုံ၊ တယ်လီဂရမ်တို့ကို ရှာဖွေစစ်ဆေးလျက်ရှိသည်။ 

" ဒီတော်လှန်ရေးဘက်က ဖမ်းဆီးခံရတာမျိုးလည်းရှိတယ်။ ပြီးတော့ အဓိကကတော့ ပြည်သူတွေဆီကနေ ငွေကြေးမတရားကောက်ခံတာတွေ၊ ပြီးတော့ မတရားစစ်ဆေးဆောင်ရွက်ပြီးတော့ ပိုက်ဆံတောင်းတာတွေ၊ ကားတွေ ယာဉ်တွေမှာ မတရားတောင်းတာတွေ ပြုလုပ်နေတာပေါ့" ဟု သထုံခရိုင် PDF တာဝန်ခံက ဆက်လက်ပြောဆိုသည်။

ယမန်နေ့က တော်လှန်ရေးအင်အားစုများ​၏ စစ်ဆင်ရေးအပြီးတွင် ဘီးလင်းတိုးဂိတ်အဟောင်း၌ အစစ်အဆေး ပိုမိုတင်းကျပ်လာခဲ့ပြီး ကားလမ်းကိုပါ နံနက် ၉ နာရီအထိ သွားလာခွင့်ပိတ်ထားခဲ့ကြောင်း ဘီလင်းမြို့နယ် ဒေသခံတဦးက ပြောသည်။

" လမ်းကတော့ ၉ နာရီကျော်ကျော်လောက်ထိ ပိတ်ထားတယ်ဗျ။ အသွားရော အလာရော။ အရင်ကဆို ဂိတ်ဘေးမှာ ဆိုင်ကယ်သွားလမ်းဆိုပြီး ရှိတော့ ဆိုင်ကယ်တွေဆို အဲ့ဒီကနေပဲ သွားတာလေ။ အခုက ကားတွေသွားတဲ့လမ်းတွေထဲကပဲ ဝင်ရတယ်။ ဆိုင်ကယ်ဘောက်၊ မှတ်ပုံတင် အစစ်အဆေးခံရတယ်" ဟု ဘီးလင်းမြို့နယ် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

ရွှေသံလွင်တိုးဂိတ်အဟောင်း ပစ်ခတ်ခံရမှုအပြီး နံနက် ၁၀ နာရီဝန်းကျင်ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီးတွင် KNUတပ်မဟာ(၁) KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများအကြား ထိပ်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ကြောင်း အဆိုပါ တိုက်ပွဲအတွင်း အထိအခိုက် အကျအဆုံးများအား စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။ 

ယမန်နေ့က ဘီးလင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးများတွင် တပ်မဟာ(၁) ပူးပေါင်းတပ်ဖွဲ့၌ အထိအခိုက်မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ဘီးလင်းတိုးဂိတ်အဟောင်းရှိ စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတဦးအပါအဝင် လူငယ်သုံးဦးအား လက်ကိုင်ဖုန်းစစ်ဆေး၍ PDF များနှင့် ဆက်နွယ်နေသည်ဟုဆိုကာ ဖမ်းဆီးခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly