ရေစကြိုတွင် ပျူစောထီးကားကို တိုက်ခိုက်မှု ၆ ဦးသေဆုံးပြီး သေနတ် ၅လက် ရဟုဆို

By MTO(မဇ္ဈိမ)
25 August 2023
ရေစကြိုတွင် ပျူစောထီးကားကို တိုက်ခိုက်မှု ၆ ဦးသေဆုံးပြီး သေနတ် ၅လက် ရဟုဆို
ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းခဲ့သော လက်နက်ခဲယမ်းများ ၊  Photo-ရေစကြိုပကဖ Now

ရေစကြိုမြို့နယ်တွင် ယနေ့နံနက် အစောပိုင်းက  ပျူစောထီးများ လိုက်ပါလာသည့်ကားကို တိုက်ခိုက်ရာ ပျူခြောက်ဦးသေဆုံးပြီး သေနတ်ငါးလက်နှင့် ကျည်များသိမ်းဆည်းနိုင်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို ပကဖ)က သတင်းထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၂၅ ရက်၊ နံနက် ၆ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ ဂွေးချိုရွာမှ ပျူစောထီး ခြောက်ဦးသည် ဆင်ချောင်းရွာသို့ ကားဖြင့်သွားစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ရေစကြိုပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

  “ဂွေးချိုပျူရွာက ပျူတွေက ဆင်ချောင်းက သူ့ဆရာဆီ ခိုးကြောင်ခိုးဝှက်သွားတာကို ကျတော်တို့ က လမ်းကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ"ဟု ၎င်းက ပြောသည်။

တိုက်ခိုက်ပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့ များက သေနတ်ငါး လက် ၊ကျည်ဘောက် ရှစ်ခု နှင့် ကျည်ဆံ ၁၀၆ တောင့် တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ သေဆုံးရုပ်အလောင်း ခြောက်ခုကို အခြားပျူစောထီးများက လာရောက်ကောက်ယူသွားသည်ဟု ဆိုသည်။

ဆင်ချောင်းကျေးရွာနှင့် ဂွေးချိုကျေးရွာသည် ရွာချင်းကပ်လျက်ရှိသည့် ပျူရွာများဖြစ်ပြီး ပြည်သူများကို ဖမ်းဆီးငွေတောင်းခံခြင်း၊ ကား၊ဆိုင်ကယ်များကို ဖိအားပေးစစ်ဆေးခြင်းများပြုလုပ်လေ့ရှိကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများကပြောသည်။

တိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း(၉)နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်တွင်ထိခိုက်မှုမရှိကြောင်း ရေစကြိုပကဖက သတင်းထုတ်ပြန်ထားသည်။ မကွေးတိုင်းအတွင်းပါဝင်သော ရေစကြိုမြို့နယ်သည် စစ်အာဏာရှင်တော်လှန်ရေးအားကောင်းသည့် မြို့နယ်တခုဖြစ်သည်။

စာတည်း - အေးချမ်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly